ယူရိုပါလိဂ်ကို အာရုံစိုက်မှာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ကို ကလေးတွေနဲ့ မိမိတို့စွန့်စားမယ်လို့ အာမိုရင် ဖွင့်ဟ
မနေ့က မန်ယူနိုက်တက်(၅-၄)လိုင်ယွန် (AET) ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်အပြီးမှာ ဆီမီးဖိုင်နယ်ကိုတက်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က သူတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို အာရုံစိုက်မှာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကလေးတွေနဲ့ စွန့်စားပြီး ကစားသွားမယ်လို့ဖွင့်ဟခဲ့ပါတယ်။
လိုင်ယွန်အသင်းကို အချိန်ပိုပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် နိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဖလားကို ရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့အတွက် သူတို့ရဲ့မျှော်လင့်ချက်ကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရပ်တည်နေပြီး သူတို့အတွက် ဘာမျှော်လင့်ချက်မှမရှိတဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်ဖို့ နည်းပြအာမိုရင်က ဆုံးဖြတ်ထားတာပါ။
လိုင်ယွန်အသင်းနဲ့ ပွဲမတိုင်မီ ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြအာမိုရင်ဟာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့တာကြောင့် (၄-၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုလည်း လာမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ နည်းပြအာမိုရင်ဟာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေပြုလုပ်ပြီး လူငယ်ကစားသမားတွေကို နေရာပေးဖို့ရှိနေတာပါ။
အာမိုရင်က "ကျွန်တော်တို့ ယူရိုပါလိဂ်ပွဲစဉ်တွေကို အပြည့်အ၀အာရုံစိုက်မှာဖြစ်တဲ့အတွက် ပရီးမီးယားလိဂ်ကို ကလေးတွေနဲ့ စွန့်စားပြီးကစားရပါလိမ့်မယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်ကို အာရုံစိုက်ရမယ်ဆိုတာ ပရိသတ်တွေနားလည်သဘောပေါက်မှာပါ"လို့ TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။