ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ခရိုအေးရှားလက်ရွေးစင်ဟောင်း ပိုကရီဗက်

ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်လူဟောင်းပိုကရီဗက်ဟာ မနေ့က (ဧပြီ ၁၈ ရက်/သောကြာနေ့) ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုမှာ ပါဝင်ပြီး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ခရိုအေးရှားနိုင်ငံ၊ ကာလိုဗက်မြို့မှာ ဧပြီ (၁၈) ရက်ညနေပိုင်းက ကား(၄)စီး တိုက်မိခဲ့ပြီး ဒီအထဲက ကားတစ်စီးမှာ ပိုကရီဗက်နဲ့ ခရိုအေးရှားအပျော်တမ်းကလပ် NK Vojnic က ကစားသမား(၃)ဦးပါဝင်ခဲ့တာပါ။

အသက်(၃၉)နှစ်အရွယ်ရှိ ပိုကရီဗက်ဟာ ဒိုင်နမိုဇာဂရက်ဘ်၊ မိုနာကို၊ ဆဲလ်ဘာ့ဂ်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၁၅)ပွဲ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

သူ့အနေနဲ့ သွေးကင်ဆာလို ရောဂါမျိုးခံစားခဲ့ရတာကြောင့် ၂၀၁၅ ခုနှစ်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကနေ အနားယူခဲ့ရပြီး အပျော်တမ်းပွဲတွေမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က ပိုကရီဗက်ဟာ NK Vojnic အသင်းကို ရောက်ရှိလာခဲ့ပြီး ဒီအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြမှုအရ ဒီယာဉ်မတော်တဆမှုဖြစ်ရပ်မှာ ပိုကရီဗက်အပြင် အသက်(၄၂)နှစ်အရွယ် လူတစ်ဦးလည်း အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။

ပိုကရီဗက် စီးနင်းလာတဲ့ကားပေါ်မှာပါလာသူတချို့ကို ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရကြောင်းလည်း သိရပါတယ်။

ယူရို-၂၀၀၈ ပြိုင်ပွဲဝင် ခရိုအေးရှားလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ပိုကရီဗက် (ရှေ့ ဝဲ/ယာ မှ ၃ ဦးမြောက်)

ပိုကရီဗက်ဟာ ယူရို-၂၀၀၈ ပြိုင်ပွဲဝင် ခရိုအေးရှားလက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။