လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွဲပြီးတော့ပေါ့။ ဒီလထဲတော့ CES 2025 မှာ မိတ်ဆက်ခဲ့တဲ့ ပစ္စည်းတွေကို ခပ်များများဖော်ပြဖြစ်မယ်ထင်ပါတယ်။

ဒီတစ်ခေါက်ပြောပြပေးမှာက ဆိုင်ကယ်ပါ။ ရိုးရိုးတော့မဟုတ်ပါဘူး။ သိပ္ပံရုပ်ရှင်တွေထဲမှာ တွေ့လေ့ရှိတဲ့ မိုးပေါ်ပျံသန်းနိုင်တဲ့ မော်တော်ဆိုင်ကယ်မျိုးပါ။ Skyrider X1 လို့အမည်ပေးထားပြီး လျှပ်စစ်ဆိုင်ကယ်တွေထုတ်တဲ့ RICTOR ဆိုတဲ့ ကုမ္ပဏီကနေ မိတ်ဆက်လာတာပါ။ လေထီးအရှိန် 100 km/h (62 mph) အထိ ရောက်ရှိနိုင်တဲ့အပြင် အားအပြည့်သွင်းထားမယ်ဆိုရင် ဘတ္ထရီအရွယ်အစားပေါ်မူတည်ပြီး ပျံသန်းချိန်ဟာ 25 မိနစ်မှ မိနစ် 40 အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဘော်ဒီကိုတော့ ကာဗွန်ဖိုင်ဘာနှင့် လေယာဉ်အဆင့် အလူမီနီယမ်ဖြင့် ပြုလုပ်ထားပါတယ်။ ပုံမှန်ဆိုင်ကယ်တွေလို ဘီး ၂ ဘီးပါဝင်ပြီး ပန်ကာ ၈ ခုပါရှိပါတယ်။ ချစ်သူလေးနဲ့တော့ အတူစီးနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ၁ ယောက်စာပဲ နေရာပါပါတယ်။ နောက်ထပ်မိုက်တဲ့အချက်က မောင်းသူမဲ့နည်းပညာလည်း ထည့်ထားတာပါ။ (၁ ယောက်ပဲစီးလို့ရမယ်ဆိုတော့ မမောင်းပဲ​ ထိုင်လိုက်သွား အာ့လိုနေမယ်)

ဈေးနှုန်းအရတော့ ဒေါ်လာ 60,000 ပါ။ လောလောဆယ်တော့ ကုမ္ပဏီဖက်က လေကြောင်းမောင်းနှင်တာနဲ့ ပတ်သက်ပြီး စမ်းသပ်မှုအချို့ ကျန်ရှိနေတာကြောင့် ဈေးကွက်ထဲတော့ မဖြန့်ချိသေးဘူးလို့ဆိုပါတယ်။ လေကြောင်းအပါအဝင် သက်ဆိုင်ရာစမ်းသပ်ချက်တွေ ပြီးစီးရင်တော့ 2026 ထဲမှာ ရောင်းချသွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။