ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် စာချုပ်သစ်နဲ့ပတ်သက်တဲ့ အရိပ်အမြွက်ကို ဗန်ဒိုက် ဖွင့်ဟ
လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်က စာချုပ်နဲ့ပတ်သက်တဲ့ အရိပ်အမြွက်ကို ဖွင့်ဟခဲ့ပါတယ်။
ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဗန်ဒိုက်ဟာ မကြာခင်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ်ဆိုပြီး သတင်းတွေအများအပြားက ဖော်ပြထားကြတာပါ။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ တောင်ပံကစားသမား ဆာလာကို ၂၀၂၇ ခုနှစ်နွေရာသီအထိရှိမယ့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ဇန်နဝါရီကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပြီးနောက် ပရိသတ်တွေအရှေ့မှာ သူ့ရဲ့လီဗာပူးလ်အသင်းအင်္ကျီပေါ်က တံဆိပ်ကို နမ်းကာ အောင်ပွဲခံမှုပြုလုပ်ခဲ့တာပါ။

ပွဲအပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗန်ဒိုက်က "လီဗာပူးလ်အသင်းခေါင်းဆောင်အဖြစ် ပွဲ(၁၀၀)ပြည့်ခဲ့လို့ ကျွန်တော်အလွန်ဂုဏ်ယူပါတယ်။ ကျွန်တော်ဒီကလပ်ကို ဘယ်လောက်အထိချစ်လဲဆိုတာ လူတိုင်းသိပါတယ်။ နောက်အပတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့"လို့ ဆိုခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့တဲ့ ဆာလာကလည်း လာမယ့်ရာသီဗန်ဒိုက်နဲ့အတူတွဲကစားရမှာကို သူနှစ်သက်တယ်လို့ ဆိုခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့(၆)ပွဲသာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက အာဆင်နယ်အသင်းကို (၁၃)မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။