ကြွက်တွေအတွက် VR Headset
စဉ်းစားလို့တော့မရဘူးရယ်။ မျက်လုံးထဲမြင်ကြည့်တော့လည်း တစ်မျိုးကြီး။ ထားပါတော့ ဖန်တီးတဲ့သူတွေက ဖန်တီးပြီးနေပြီဆိုတော့လည်း။
Cornell တက္ကသိုလ်က သုတေသနပညာရှင်တွေက VR Headset တပ်ဆင်ထားတဲ့ ကြွက်လေးတွေရဲ့ တုံ့ပြန်မှုကို သိရှိလိုတာကြောင့်ရယ် လေ့လာလိုတာကြောင့်ရယ် ဖန်တီးခဲ့တာပါ။ ဒီ VR Headset ကို နာမည်လည်း ပေးထားပါသေးတယ်။ MouseGoogles လို့ ခေါ်ပါတယ်။ အဓိကကတော့ ကြွက်တွေအပြင် တိရစ္ဆာန်တိုင်းရဲ့ တုံ့ပြန်မှုကို သိရှိချင်တာပါ။ ကြွက်တွေကို အရင်စမ်းသပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သုတေသနပညာရှင်တွေက ဒီ VR Headset ကို ဖန်တီးတဲ့အခါမှာတော့ အစကနေတီထွင်ခဲ့တာမဟုတ်ပဲ Smart Watch တွေနဲ့ အချို့စက်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းအချို့ကို အသုံးချပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ VR Headset ကို ကြွက်တွေဆီ တပ်ဆင်တဲ့အခါမှာလည်း ပြေးလမ်းပေါ်မှာ အစာချထားပြီး အစာစားနေချိန်မှာ တပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုလေ့လာတာ အပျော်တမ်းအတွက်တော့ မဟုတ်ပါဘူး။ သုတေသနပညာရှင်တွေဟာ လေ့လာမှုကနေတဆင့် ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေကို ကုသဖို့နည်းလမ်းတွေ ရှာဖွေရန်ဖြစ်တယ်လို့ ဆိုပါတယ်။ (ဥပမာ အယ်လ်ဇိုင်းမားရောဂါတွေ ဦးနှောက်ချို့ယွင်းချက်ရှိတာမျိုးတွေပါ)