ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ
အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံအားသင့်ဖွယ်အနိုင်ယူခဲ့ပါတယ်။
အိမ်ကွင်းအီမရိတ်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတုန်းက အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ လိုင်ယွန်အမျိုးသမီးအသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ထားတာကြောင့် ပြင်သစ်မြေ Parc Olympique Lyonnais ကွင်းမှာ ပြန်မလာနိုင်တော့ဘူးလို့ ပရိသတ်အများစုက ယူဆခဲ့ကြပေမယ့် အာဆင်နယ်အသင်းက ဒီပြိုင်ပွဲရဲ့အအောင်မြင်ဆုံး(ချန်ပီယံဆု ၈ ကြိမ်ရ)လိုင်ယွန်အမျိုးသမီးအသင်းကို အံအားသင့်ဖွယ်အနိုင်ယူခဲ့ပြီး Greatest Comeback ပွဲစဉ်တစ်ပွဲကို ဖန်တီး ခဲ့တာပါ။

လိုင်ယွန်အသင်းကို ဆီမီးဖိုင်နယ်မှာ နှစ်ကျော့ပေါင်း(၅-၃)ဂိုးနဲ့ ဖြတ်ကျော်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ (၁၈)နှစ်အတွင်းပထမဆုံးအနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ဒီပြိုင်ပွဲမှာ(၁)ကြိမ်ဗိုလ်စွဲခဲ့ဖူးတဲ့ အာဆင်နယ်အမျိုးသမီးအသင်းဟာ နောက်ဆုံး(၂)ကြိမ်ဆက်ဗိုလ်စွဲထားတဲ့ လက်ရှိချန်ပီယံဘာစီလိုနာအမျိုးသမီးနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာပါ။
လက်ရှိဥရောပအမျိုးသမီးဘောလုံးလောကမှာ ခြေစွမ်းအထက်ဆုံးအသင်းလို့ ပြောလို့တဲ့ ဘာစီလိုနာအမျိုးသမီးအသင်း(FC Barcelona Femeni)ဟာ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကလပ် ချယ်လ်ဆီးအမျိုးသမီးအသင်းကို နှစ်ကျော့စလုံး(၄-၁)ဂိုးတွေနဲ့ အနိုင်ယူထားတဲ့အသင်းပါ။
ဘာစီလိုနာအမျိုးသမီးအသင်းဟာ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ချန်ပီယံဆုကို နောက်ဆုံး(၄)နှစ်အတွင်း(၃)ကြိမ်(၂၀၂၁၊ ၂၀၂၃၊ ၂၀၂၄)ဆွတ်ခူးခဲ့ပြီး ဗိုလ်လုပွဲကို (၅)ကြိမ်ဆက်တိုက် တက်ရောက်လာတာလည်း ဖြစ်ပါတယ်။
ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ ဆုံတွေ့နေသလို ဒီရာသီ (အမျိုးသား)ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်းအာဆင်နယ်နဲ့ ဘာစီလိုနာဆုံတွေ့မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဆီမီးဖိုင်နယ်မှာ အာဆင်နယ်က PSG အသင်းကို ကျော်ဖြတ်၊ ဘာစီလိုနာက အင်တာမီလန်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ရင် ဒီနှစ်သင်း ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ၂၀၀၆ ဗိုလ်လုပွဲကို ပြန်အမှတ်ရစေမှာပါ။
အဲဒီတုန်းက အာဆင်နယ်အသင်းက ပွဲချိန်(၃၇)မိနစ်မှာ နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်သွင်းယူခဲ့တဲ့ဂိုးနဲ့ ပွဲချိန်(၇၅)မိနစ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအတွက် အီတူးနဲ့ဘယ်လက်တီတို့က (၅)မိနစ်အတွင်း(၂)ဂိုးသွင်းပြီး အာဆင်နယ်ကို(၂-၁)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲခဲ့တာပါ။

ဒါကြောင့် ဒီနှစ်မှာ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲအတိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ဘာစီလိုနာဆုံတွေ့မလားဆိုတာ ကြည့်ရမှာဖြစ်ပြီး ဒီလိုဖြစ်လာခဲ့ရင်တော့ တစ်နှစ်အတွင်း အမျိုးသားချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲ ထပ်တူကျတဲ့နှစ်အဖြစ် ထူးထူးခြားခြားမှတ်တမ်းဝင်မှာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းအတွက်လည်း လွန်ခဲ့တဲ့(၁၉)နှစ်က ဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်ဖို့ အခွင့်အရေးရှိတဲ့ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။