တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ
မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) နယူးကာဆယ်(၃-၀)အစ်ဝစ်ချ်ပွဲ အပြီးမှာ အဆင့်(၁၈)က အစ်ဝစ်ချ်အသင်းက တန်းဆင်းလက်မှတ်ရသွားခဲ့လို့ ဒီရာသီမှာ တန်းဆင်းမယ့် အသင်း(၃)သင်းစလုံးစုံသွားခဲ့ပြီဖြစ်ပါတယ်။
အစ်ဝစ်ချ်အသင်းဟာ ပွဲစဉ်(၃၄)အပြီးမှာ ရမှတ်(၂၁)မှတ်သာရထားတာကြောင့် အဆင့်(၁၇)နေရာက ဝက်စ်ဟမ်းအသင်းရဲ့ရမှတ်(၃၆)မှတ်ကို လိုက်မမီနိုင်တော့တာကြောင့် တန်းဆင်းဖို့ သေချာခဲ့တာပါ။

အဆင့်(၂၀)မှာ ရမှတ်(၁၁)မှတ်သာရထားတဲ့ ဆောက်သမ်တန်၊ အဆင့်(၁၉)မှာ ရမှတ်(၁၈)မှတ်သာရထားတဲ့ လက်စတာအသင်းတို့လည်း စောစောစီးစီးတန်းဆင်းလက်မှတ်ရထားပြီး ပြီးခဲ့တဲ့ရာသီကုန်က လိဂ်ချန်ပီယံရှစ်က တန်းတက်လာတဲ့အသင်း(၃)သင်းစလုံး ရာသီကုန်မှာ တန်းပြန်ဆင်းရတဲ့ရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းရမယ့် အသင်း(၃)သင်းစလုံးရဲ့အမည်စာရင်းဟာ လက်ကျန်ပွဲ(၄)ပွဲကစားဖို့ ကျန်ရှိနေချိန်မှာ ထွက်ပေါ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ တန်းဆင်းအသင်းတွေအားလုံး အစောဆုံးအဖြေထွက်တဲ့ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီမှာ ဆောက်သမ်တန်အသင်းက ပွဲစဉ်(၃၁)အပြီးမှာ တန်းဆင်းလက်မှတ်ရခဲ့တာဖြစ်ပြီး၊ လက်စတာအသင်းက ပွဲစဉ်(၃၃)အပြီးမှာ တန်းဆင်းလက်မှတ်ရခဲ့တာပါ။ အခု အစ်ဝစ်ချ်အသင်းက ပွဲစဉ်(၃၄)အပြီးမှာပဲ တန်းဆင်းလက်မှတ်ရသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အရင်က တန်းဆင်းဇုန်တိုက်ပွဲက ရာသီအဆုံးသတ်ပိုင်းမှာ ပြင်းထန်ခဲ့ပေမယ့် ဒီရာသီမှာတော့ တန်းဆင်းအသင်းတွေအနေနဲ့ အခြားအသင်းတွေနဲ့ ရမှတ်အလွန်ပြတ်သားခဲ့တာကြောင့် ပရိသတ်တွေအတွက် ရင်ခုန်စရာတန်းဆင်းတိုက်ပွဲကို တွေ့မြင်ရခြင်းမရှိတော့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုသာ ဆက်လက်ရင်ခုန်ရမှာဖြစ်ပါတယ်။