The Laureus ရဲ့ အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမင်းယာမားလ်

၂၀၀၀ ခုနှစ်ကစပြီး နှစ်စဉ်ချီးမြှင့်နေတဲ့ The Laureus ရဲ့အားကစားဆုတွေကို ဒီနှစ်အတွက် ချီးမြှင့်ခဲ့ရာမှာ ဘောလုံးလောကက စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမား လာမင်းယာမားလ်တို့ကဆုတွေ ဆွတ်ခူးခဲ့ကြပါတယ်။
The Laureus ရဲ့အကောင်းဆုံးအသင်းဆု (Laureus World Sports Award for Team of the Year)ကို ရီးရဲလ်မက်ဒရစ်အသင်းက ဆွတ်ခူးခဲ့ပြီး တစ်နှစ်အတွင်းအထွန်းတောက်ဆုံးကစားသမားဆု(Laureus World Sports Award for Breakthrough of the Year)ကို လာမင်းယာမားလ်က ဆွတ်ခူးခဲ့တာပါ။

မနှစ်က (၂၀၂၄ ခုနှစ်က) The Laureus ရဲ့ အကောင်းဆုံးအသင်းဆုကို ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းက ဆွတ်ခူးခဲ့ပြီး၊ တစ်နှစ်အတွင်းအထွန်းတောက်ဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဘယ်လင်ဂမ်က ဆွတ်ခူးခဲ့တာကြောင့် ဒီဆုတွေကို စပိန်ဘောလုံးလောကက လွှမ်းမိုးထားတယ်လို့ ဆိုရမှာပါ။
The Laureus ရဲ့တန်ဖိုးရှိတဲ့ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံးကစားသမားဆု(Laureus World Sports Award for Sportsman of the Year)ကို ဆွီဒင်ပြေးခုန်ပစ်ကစားသမား အာမန်ဒူပလန်တစ်က ဆွတ်ခူးခဲ့ပါတယ်။

၁၉၉၈ ခုနှစ်က ဆွစ်ဇာလန်အခြေစိုက်ကုမ္ပဏီ Richemont နဲ့ ဂျာမနီအခြေစိုက်ကုမ္ပဏီ Daimler နှစ်ခုက စတင်တည်ထောင်ခဲ့တဲ့ Laureus Sport for Good Foundationရန်ပုံငွေအဖွဲ့က ၂၀၀၀ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တဲ့ Laureus World Sports Awards ဆုတွေဟာ ဘောလုံးသာမကဘဲ အားကစားနည်းပေါင်းစုံကို ချီးမြှင့်နေတာဖြစ်ပြီး အားကစားလောကရဲ့ တန်ဖိုးရှိတဲ့ဆုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။