သတင်းအတိုအထွာများ စုစည်းမှု

■ ချယ်လ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းဗဟိုနောက်ခံလူ ဂူဟီကိုပြန်လည်ခေါ်ယူဖို့အတွက် ပေါင်သန်း(၅၀)အပြင် ကစားသမားတစ်ဦးကို အလိုက်ပေးကမ်းလှမ်းဖို့ဆန္ဒရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၇၀)လိုချင်နေပြီး အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ချာလိုဘာကို ခေါ်ယူဖို့ဆန္ဒရှိတယ်လို့ သိရပါတယ်။

■ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကြယ်ပွင့် အာဒါဂူလာကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲကစားခွင့်ရရှိဖို့ရုန်းကန်နေရတာကြောင့် ပွဲကစားခွင့်ရမယ့်အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

■ လိုက်ပ်ဇစ်အသင်းဟာ ကိုမိုအသင်းကိုကိုင်တွယ်နေတဲ့ ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။ ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ သူ့ရဲ့နည်းစနစ်ပိုင်းတွေကြောင့် ကလပ်အသင်းတချို့ရဲ့နည်းပြပစ်မှတ်အဖြစ်ရှိနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၆၀)တောင်းဆိုဖွယ်ရှိနေပါတယ်။ ဟွိုင်လန်းဟာ ဒီရာသီမန်ယူနိုက်တက်အသင်းမှာ သွင်းဂိုးသွင်းယူနိုင်ဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီကုန်ရင်စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင်မိုဒရစ်ကို နွေရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်ပေးဖို့ဆန္ဒရှိနေပါတယ်။ မိုဒရစ်ကတော့ သူ့ရဲ့ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆုံးသတ်ဖို့ဆန္ဒရှိကြောင်း ပြောထားတာဖြစ်ပါတယ်။

■ လေဗာကူဆင်အသင်းမန်နေဂျင်းဒါရိုက်တာ ကာရိုဟာ နည်းပြဖြစ်သူ ဇာဘီအလွန်ဆိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်တို့ လာမယ့်ရာသီအသင်းမှာဆက်ရှိမယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဇာဘီအလွန်ဆိုကို ရီးရဲလ်မက်ဒရစ်အသင်းကနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ချိတ်ဆက်နေပြီး ဖလော်ရီယန်ဗစ်ဇ်ကို မန်စီးတီး၊ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။