ရပ်ရှ်ဖိုဒ့်က မန်ယူနိုက်တက်အသင်းအတွက် ရာနှုန်းပြည့်ပါဝင်ကစားချင်နေဆဲလို့ ဝိန်းရွန်နီဆို

အက်စတွန်ဗီလာအသင်းက PSG အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ဟာ သူ့ရဲ့မိခင်ကလပ်ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းအတွက် (၁၀၀)% ပါဝင်ကစားချင်နေဆဲလို့ မန်ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီက Amazon Prime မှာဆိုခဲ့ပါတယ်။
ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းမှာ နည်းပြအာမိုရင်နဲ့ အဆင်မပြေမှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက အက်စတွန်ဗီလာအသင်းထံ ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ အက်စတွန်ဗီလာအသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်ပြသနိုင်ခဲ့ပြီး PSG အသင်းနဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။
ခြေစွမ်းပြသနေတဲ့ ရပ်ရှ်ဖိုဒ့်ရဲ့စွမ်းဆောင်ရည်ကြောင့် သူဟာ အက်စတွန်ဗီလာအသင်းလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ အသင်းတွေမှာ ကစားနိုင်တယ်လို့ အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ စတာရစ်ခ်ျနဲ့ အက်ရှ်လေယန်းတို့က ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဝိန်းရွန်နီကတော့ ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းအတွက်သာ ကစားချင်နေတယ်လို့ ဆိုခဲ့တာပါ။

ဝိန်းရွန်နီက "ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းအတွက် (၁၀၀)%ကစားချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းက သူ့အတွက်ခက်ခဲခဲ့ပါတယ်။ သူဟာအခုအချိန်မှာ စွမ်းဆောင်ရည်တွေကို ရှင်းရှင်းလင်းပြသထားပြီး မန်နေဂျာရဲ့တံခါးကို ဆက်ခေါက်နေရမှာပါ။ သူဟာ ယူနိုက်တက်မှာ အမွေအနှစ်ထားချင်တယ်ဆိုတာ ဖြစ်နိုင်မလားဆိုတာမသိပေမယ့် ဒီအရာကို ကျွန်တော်မြင်တွေ့ချင်တယ်"လို့ ဆိုခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းအတွက် (၃)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားတဲ့ ရပ်ရှ်ဖိုဒ့်ကို အသင်းဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖိုဒ့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။