ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေတဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိနေပါတယ်။

အန်ဆယ်လော့တီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်နွေရာသီအထိ သက်တမ်းရှိနေပေမယ့် အန်ဆယ်လော့တီဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုလအစောပိုင်းက အာဆင်နယ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကထွက်ခွာခဲ့ရသလို ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းနဲ့(၄)မှတ်အကွာ အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး လက်ကျန်ပွဲစဉ်တွေကစားဖို့ (၅)ပွဲသာကျန်ရှိတော့တာပါ။

အန်ဆယ်လော့တီအတွက် ဒီ(၅)ပွဲဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဘ၀ သူ့ရဲ့နောက်ဆုံးပွဲတွေဖြစ်လာဖို့ရှိနေပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ အလျင်အမြန်ဆုံးလုပ်ဆောင်နေတာကြောင့် အန်ဆယ်လော့တီဟာ နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်မှာမဟုတ်ဘဲ ရာသီကုန်ရင်ထွက်ခွာဖို့ရှိနေတာပါ။

အန်ဆယ်လော့တီဟာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)နဲ့ ဆွေးနွေးသွားဖို့ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေပြန်ယှဉ်ပြိုင်ရမယ့် ဇွန်မတိုင်မီ ဘရာဇီးလ်လက်ရွေးစင်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။