ရာသီကုန်မှာ စပါးအသင်းက ထွက်ခွာဖို့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး တံခါးဖွင့်ထား
အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ ရိုမဲရိုးဟာ ဒီရာသီကုန်ရင် စပါးအသင်းကထွက်ခွာဖို့ တံခါးဖွင့်ထားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ စပါးအသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ ရိုမဲရိုးဟာ ဒီရာသီမှာဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းက သူ့ကို ပေါင်(၄၃)သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရိုမဲရိုးကို အသင်းလူစာရင်းထံ ထည့်သွင်းဖို့အထိ အစီအစဉ်ရှိနေတာဖြစ်ပါတယ်။ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ စပါးအသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသင်းအကြီးအကဲတွေကို ဝေဖန်မှုတွေပြုလုပ်ထားဖူးသူပါ။ အခုအချိန်မှာတော့ ရိုမဲရိုးဟာ စပါးအသင်းကနေ ထွက်ခွာဖို့ တံခါးဖွင့်ထားတာဖြစ်ပါတယ်။
ရိုမဲရိုးက "ကျွန်တော်တို့ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကိုရောက်ရှိနေပြီး ဒီရာသီကို အောင်မြင်မှုနဲ့ ပြီးဆုံးချင်ပါတယ်။ ဒါပြီးရင်တော့ ဘာတွေဖြစ်မလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့အာရုံစိုက်မှုက အမြဲတမ်းကြီးထွားဖို့နဲ့ ဆက်ပြီးဖွံ့ဖြိုးတိုးတက်မယ့်နေရာသစ်တွေကို ရှာဖွေဖို့ပါ"လို့ Los Edul နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။
စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာရပ်တည်နေပြီး လိဂ်ကနေ ဥရောပဝင်ခွင့်ရမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် စပါးအသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။