ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲအများဆုံးရာသီအဖြစ် စံချိန်ဆိုးတင်သွားတဲ့မန်ယူနိုက်တက်
မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူနိုက်တက်(၀-၁)၀ုလ်ဗ်စ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲအရေအတွက် (၁၅)ပွဲအထိရှိလာခဲ့ပါတယ်။
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လူငယ်ကစားသမားတွေ ပွဲထုတ်ကစားမယ်လို့ နည်းပြအာမိုရင်ပြောခဲ့တဲ့အတိုင်း ဒီပွဲမှာ လူငယ်တွေဖြစ်တဲ့ အမတ်စ်၊ ဖရက်ဒရစ်ဆန်၊ ချီဒိုအိုဘီအစရှိတဲ့ ကစားသမားတွေကို ကစားစေခဲ့ပြီး ပွဲချိန်(၇၇)မိနစ်မှာ ဆာရာဘီယာသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးကို မချေပနိုင်တာကြောင့် (၀-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။
ဒီပွဲရှုံးခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းရဲ့ ဒီရာသီပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်ဟာ (၁၅)ပွဲရှိလာခဲ့လို့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြတန်ဟတ်လက်အောက်မှာ ပရီးမီးယားလိဂ်ရှုံးပွဲ(၁၄)ပွဲရှိခဲ့ပြီး ရှုံးပွဲအများဆုံးရာသီအဖြစ်စံချိန်တင်ခဲ့တာကို ဒီရာသီမှာ ပိုမိုဆိုးရွားတဲ့စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
၀ုလ်ဗ်စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ ပထမအကျော့မှာ မန်ယူနိုက်တက်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရထားပြီး ဒုတိယအကျော့အဝေးကွင်းမှာ (၁-၀)ဂိုးနဲ့ ထပ်အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအနေနဲ့ မန်ယူနိုက်တက်အသင်းကို(၂)ကျော့စလုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၀ုလ်ဗ်စ်အသင်းဟာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ မန်ယူနိုက်တက်ကို ၁၉၇၉-၈၀ ရာသီက(၂)ကျော့စလုံးအနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ (၂)ကျော့စလုံးအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြအမ်မိုရင်လက်ထက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နိုင်ပွဲ(၆)ပွဲ၊ သရေပွဲ(၅)ပွဲ၊ ရှုံးပွဲ(၁၁)ပွဲအထိရှိနေတာကြောင့် သူကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲ(၂၂)ပွဲမှာ ရှုံးပွဲက တစ်ဝက်တိတိရှိနေပါတယ်။
အမ်မိုရင်ဟာ မန်ယူနိုက်တက်အသင်းမှာ အများဆုံးရရှိနိုင်တဲ့ ပရီးမီးယားလိဂ်ရမှတ်(၆၆)မှတ်ထဲက (၂၃)မှတ်သာရယူနိုင်ခဲ့ပြီး (၄၃)မှတ်အထိ ဆုံးရှုံးခဲ့ရပါတယ်။