ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲချိန်တစ်မိနစ်မပြည့်မီ စက္ကန့်ပိုင်းအတွင်းဂိုးအများဆုံးသွင်းတဲ့ရာသီ
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစစချင်း ပွဲချိန်တစ်မိနစ်အတွင်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၁၀)ဂိုးအထိရှိလာခဲ့ပါတယ်။
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ဗီလာ(၄-၁)နယူးကာဆယ်ပွဲမှာ ဗီလာတိုက်စစ်မှူးဝက်ကင်စ်က ပွဲစပြီး (၃၃)စက္ကန့်အကြာမှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးက ဒီရာသီမှာ ပွဲချိန် တစ်မိနစ်မပြည့်ခင် စက္ကန့်ပိုင်းအတွင်း သွင်းယူတဲ့သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ (၁၀)ဂိုးမြောက်ဂိုးဖြစ်လာပါတယ်။

ဒီရာသီမှာ အဲဗာတန်ကွင်းလယ်လူဒူကူရေး(၁၀ စက္ကန့်)၊ ဘရန့်ဖို့ဒ်ကွင်းလယ်တိုက်စစ်ကစားသမားဝစ်ဆာ(၂၂ စက္ကန့်)၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအမ်ဘူမို(၂၃ စက္ကန့်)၊ နယူးကာဆယ်တိုက်စစ်မှူးအီဆက်ခ်(၂၆ စက္ကန့်)၊ ဗီလာ တိုက်စစ်မှူးဝက်ကင်စ်(၃၃ စက္ကန့်)၊ စပါးကွင်းလယ်လူမက်ဒီဆန်(၃၇ စက္ကန့်)၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအမ်ဘူမို(၃၈ စက္ကန့်)၊ ဝက်စ်ဟမ်းတောင်ပံကစားသမားအန်တိုနီယို(၄၈ စက္ကန့်)၊ ဘုန်းမောက်တိုက်စစ်မှူးဆီမန်ညို(၅၃ စက္ကန့်)၊ ဖူလ်ဟမ်တောင်ပံကစားသမားဆီဆက်ညွန်(၅၉ စက္ကန့်)တို့က ပွဲချိန်တစ်မိနစ်အတွင်း ဂိုးတွေသွင်းယူခဲ့ကြတာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရင်က ၂၀၂၂-၂၃ ရာသီမှာ အခုလိုပဲ ပွဲချိန်တစ်မိနစ်မပြည့်ခင် စက္ကန့်ပိုင်းအတွင်း သွင်းယူတဲ့သွင်းဂိုး(၁၀)ဂိုးအထိ ရှိခဲ့ပြီး စံချိန်တင်ခဲ့တာကို အခုရာသီမှာ လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ ပွဲစစချင်း ဂိုးအများဆုံးသွင်းတဲ့အဖြစ် မှတ်တမ်းဝင်နေတာက ဘရန့်ဖို့ဒ်အသင်းဖြစ်ပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူးအမ်ဘူမိုနဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဝစ်ဆာတို့က ဒီစာရင်းထဲမှာ ဂိုး(၃)ဂိုးနဲ့ ပါဝင်နေတာဖြစ်ပါတယ်။

အမ်ဘူမိုက ၂၀၂၄ စက်တင်ဘာလအတွင်း လန်ဒန်မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ပွဲချိန်တစ်မိနစ်မပြည့်မီမှာပဲ အဖွင့်ဂိုးတွေကို (၂)ပွဲဆက်သွင်းယူခဲ့ပါတယ်။