ပရီးမီးယားလိဂ်ကို တပြိုင်တည်းအတူတူ တန်းတက်လာဖွယ်ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ
ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ ဒီတစ်ပတ်ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်(၄၃)မှာ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူခဲ့ပြီးနောက် ရမှတ်(၉၁)မှတ်စီနဲ့ အမှတ်ပေးဇယားမှာ ဆက်လက်ဦးဆောင်နေပါတယ်။
ပြီးခဲ့တဲ့သောကြာ/စနေနေ့က ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်တွေမှာ လိဒ်စ်အသင်းက အောက်စဖို့ဒ်ယူနိုက်တက်ကို (၁-၀)ဂိုးနဲ့ အနိုင်ယူခဲ့သလို လိဒ်စ်နောက်နေ မျက်ခြေပျက်မခံဘဲ ရမှတ်တူလိုက်နေတဲ့ ဘန်လေကလည်း ဝက်ဖို့ဒ်ကို (၂-၁)ဂိုးနဲ့ အနိုင်ကစားခဲ့တာပါ။
ဒီနှစ်သင်းအနေနဲ့ တတိယနေရာမှာ ရမှတ်(၈၆)မှတ်နဲ့ ရပ်တည်နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို ရမှတ်(၅)မှတ်ဖြတ်ထားပြီး လက်ကျန်ပွဲ(၃)ပွဲသာကျန်ရှိတော့တာကြောင့် ကျန်အသင်းတွေအနေနဲ့ ဒီနှစ်သင်းကို လိုက်မီဖို့ဆိုတာ ခက်ခဲနေပြီဖြစ်ပါတယ်။
ဒီနေ့ (တနင်္လာနေ့/ဧပြီ ၂၁ ရက်)မှာ ကစားမယ့် ပွဲစဉ်(၄၄)မှာ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ
အသင်းတို့အနေနဲ့ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ရင် နှစ်သင်းစလုံး ပရီးမီးယားလိဂ်တန်းတက်ခွင့်လက်မှတ် ကိုယ်စီရရှိကြမှာဖြစ်ပါတယ်။
ပွဲစဉ်(၄၄)မှာ လိဒ်စ်ယူနိုက်တက်က အဆင့်(၁၆)က စတုတ်စီးတီးအသင်း၊ ဘန်လေက အဆင့်(၃)က ရှက်ဖီးယူနိုက်တက်အသင်းတို့နဲ့ ကစားရမှာပါ။ ဒီပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်အသင်း ရမှတ်မရခဲ့ဘဲ လိဒ်စ်အသင်းကလည်း အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးက နှစ်သင်းစလုံး (လက်ကျန်ပွဲတွေအားလုံးရှုံးသည့်တိုင်) အဆင့်(၁၊ ၂) သေချာပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို တပြိုင်တည်းရကြမှာပါ။
ဒါကြောင့် ဒီနေ့ည မြန်မာစံတော်ချိန်(၈း၃၀)နာရီမှာ တစ်ပြိုင်တည်းကစားကြမယ့် ချန်ပီယံရှစ်ပွဲစဉ်(၄၄)က စိတ်ဝင်စားစရာကောင်းနေပြီး လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့ ပရီးမီးယားလိဂ်ကို တပြိုင်တည်းအတူတန်းတက်ခွင့်ရမရ စောင့်ကြည့်ရမှာပါ။