ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိတဲ့ရာသီမှာ ဖလားရယူနိုင်တဲ့ (၅)ဦးမြောက်နည်းပြ အာနီဆလော့
လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ဟာ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိတဲ့ရာသီမှာ ချန်ပီယံဆုဖလားရယူနိုင်တဲ့ (၅)ဦးမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာနီဆလော့ဟာ လီဗာပူးလ်အသင်းကို မရောက်ခင် ဒတ်ချ်ကလပ် ဖီယင်နုအသင်းကို ကိုင်တွယ်ခဲ့ရာမှာ နယ်သာလန်အမှတ်ပေးချန်ပီယံဆုရယူဖူးခဲ့ပေမယ့် တစ်ရာသီအတွင်းရယူနိုင်ခဲ့တာမဟုတ်ဘဲ ဒုတိယရာသီမှသာ ရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ သူ့ရဲ့အသင်းဟာ ကျန်အသင်းတွေကို ရာသီအစောပိုင်းမှာကတည်းက ရမှတ်ဖြတ်ခဲ့ပြီး ရာသီလက်ကျန်(၄)ပွဲအလိုမှာပဲ စောစောစီးစီးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စစချင်းရာသီမှာပဲ ချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့နည်းပြတွေက ၂၀၀၄-၀၅ ရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံဆုရယူပေးခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟို၊ ၂၀၀၉-၁၀ ရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံဆုရယူပေးခဲ့တဲ့ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီ၊ ၂၀၁၃-၁၄ ရာသီမှာ မန်စီးတီးအသင်းကို ချန်ပီယံဆုရယူပေးခဲ့တဲ့ ချီလီလူမျိုးနည်းပြပယ်လီဂရီနီ၊ ၂၀၁၆-၁၇ ရာသီမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံဆုရယူပေးခဲ့တဲ့ အီတလီလူမျိုးနည်းပြကွန်တီတို့ ဖြစ်ပါတယ်။
အခု အာနီဆလော့က ဒီစာရင်းမှာ ပါဝင်လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးရယူနိုင်တဲ့ ဒတ်ချ်လူမျိုးနည်းပြအဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း အာနီဆလော့လိုပဲ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးကိုင်မြှောက်နိုင်တဲ့ ဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂူဟစ်ဒင့်၊ လူးဝစ်ဗန်ဟားလ်၊ မာတင်ဂျိုးလ်၊ ရော်နယ်လ်ကိုးမန်း၊ အက်ဒ်ဗိုကတ်၊ တန်ဟတ်၊ ရုဒ်ဂူးလစ်၊ ဖရန့်ဒီဘိုးဝါးအစရှိတဲ့ နာမည်ကျော် ဒတ်ချ်လူမျိုးနည်းပြတွေက အသင်းအသီးသီးကို ကိုင်တွယ်ခဲ့ကြပေမယ့် ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်မရခဲ့ကြဘဲ အခု သူတို့လောက်နာမည်ကျော်ကြားခြင်းမရှိတဲ့ နည်းပြအာနီဆလော့က ပထမဆုံးရာသီမှာပဲ လီဗာပူးလ်အသင်းကို ချန်ပီယံဆုရယူပေးနိုင်ခဲ့တာပါ။