ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျစ်တိုက်စစ်ကစားသမားဆာလာကို ဘီယာနဲ့လောင်းခဲ့ပါတယ်။
ဒီပွဲမှာ ဆာလာဟာ လီဗာပူးလ်အသင်းအတွက်ဂိုးသွင်းယူခဲ့ပြီး ဒါဝင်နူနက်ဇ်က လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာပါ။ဒီပွဲအပြီးမှာ လီဗာပူးလ်အသင်းသားတွေဟာ ကွင်းအတွင်းအကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး ဒီအထဲမှာ ဒါဝင်နူနက်ဇ်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဒီအောင်ပွဲခံအခမ်းအနားမှာ ဘာသာရေးအရ အရက်သေစာရှောင်ကြဉ်တဲ့ ဆာလာကို ဘီယာနဲ့လောင်းခဲ့တာပါ။ ဆာလာဟာ သူ့ကိုဘီယာနဲ့ မလောင်းဖို့ပြောခဲ့ပေမယ့် ဒါဝင်နူနက်ဇ်ဟာ အနည်းငယ်လောင်းခဲ့တာကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒါဝင်နူနက်ဇ်လောင်းခဲ့တဲ့ ဘီယာဟာ အယ်လ်ကိုဟောပါဝင်မှုနှုန်း (၀.၀)% သာရှိတယ်လို့ ဆိုခဲ့တာပါ။ ဆာလာဟာ ဒီရာသီလီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး (၂၈)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ထားပါတယ်။

လီဗာပူးလ်အသင်းနဲ့ (၂)နှစ်စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဆာလာဟာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူထားတာပါ။ ဆာလာဟာ လီဗာပူးလ်အသင်းအတွက် (၃၉၇)ပွဲပါဝင်ကစားထားပြီး (၂၄၄)ဂိုးသွင်းယူထားပါတယ်။