ပရီးမီးယားလိဂ်အသင်း(၆)သင်းအထိ အနာဂတ်လမ်းကြောင်းရှိနေတဲ့ အန်ဆယ်လော့တီ
ဒီရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လမ်းခွဲဖို့ သေချာသလောက်ဖြစ်နေတဲ့ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖွယ်ရှိနေပြီး သူ့အတွက် အနာဂတ်လမ်းကြောင်းရှိနေတဲ့ ပရီးမီးယားလိဂ်အသင်း(၆)သင်းအထိရှိနေကြောင်း သိရပါတယ်။
အန်ဆယ်လော့တီဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီး၊ အဲဗာတန်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး သူ ရောက်လာဖွယ်ရှိနေတဲ့အသင်းတွေထဲမှာ ဒီအသင်းတွေလည်းပါဝင်နေပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကနေ စောစီးစွာထွက်ခွာရခြင်း၊ လာလီဂါချန်ပီယံဆုကို ပြန်ထိန်းသိမ်းဖို့ ခက်ခဲနေခြင်းတို့ကြောင့် အန်ဆယ်လော့တီရဲ့အနာဂတ်က ပြင်းပြင်းထန်ထန်လှုပ်ခတ်နေပြီး လာမယ့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးမှာတောင် အသင်းနဲ့ လမ်းခွဲသွားဖွယ်ရှိတယ်လို့လည်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့တဲ့ အန်ဆယ်လော့တီ အနာဂတ်လမ်းကြောင်းရှိနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
စပါး
စပါးအသင်းက ရာသီကုန်မှာ နည်းပြပိုစတီကိုဂလူးနဲ့ လမ်းခွဲမှာဖြစ်တာကြောင့် နည်းပြသစ်ခန့်အပ်ရမယ့်အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အန်ဆယ်လော့တီ ရောက်လာဖို့ ဖြစ်နိုင်ခြေအရှိဆုံးအသင်းဖြစ်ပါတယ်။
လိဒ်စ်
လိဒ်စ်အသင်းကလည်း လက်ရှိနည်းပြဒန်နီယယ်ဖာ့ခ်ကို လမ်းခွဲပြီး နာမည်ကျော်နည်းပြတစ်ဦးခန့်အပ်လိုနေတာကြောင့် အန်ဆယ်လော့တီကို လိဒ်စ်အသင်းပိုင်ရှင်တွေက စိတ်ဝင်စားဖွယ်ရှိပြီး ကမ်းလှမ်းဖွယ်ရှိပါတယ်။
နော်တင်ဂမ်ဖောရက်စ်
နော်တင်ဂမ်ဖောရက်စ်အသင်းက လက်ရှိနည်းပြနူနိုဆန်တိုနဲ့ အဆင်ပြေနေပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အသင်းပိုင်ရှင်မာရီနာကစ်အနေနဲ့ ချန်ပီယံလိဂ်အတွေ့အကြုံရှိနည်းပြတစ်ဦးကို အစားထိုးဖွယ်ရှိပြီး အန်ဆယ်လော့တီကို ပစ်မှတ်ထားခေါ်ယူဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီး
ဒီရာသီ နည်းပြမာရက်စ်ကာရဲ့လက်အောက်မှာ တည်ငြိမ်မှုနည်းပါးနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အောင်မြင်မှုတွေပြန်လည် ရယူနိုင်ဖို့ ပရီးမီးယားလိဂ်ဖလား၊ FA ဖလားတွေ ရယူပေးခဲ့တဲ့နည်းပြဟောင်း အန်ဆယ်လော့တီကို စိတ်ဝင်စားဖွယ်ရှိပါတယ်။
အဲဗာတန်
အဲဗာတန်အသင်းကလည်း ချယ်လ်ဆီးအသင်းလိုပဲ အန်ဆယ်လော့တီရဲ့အသင်းဟောင်းတစ်သင်းဖြစ်ပြီး လက်ရှိမှာတော့ နည်းပြဒေးဗစ်မွိုက်စ်နဲ့ အဆင်ပြေနေပါတယ်။ အဲဗာတန်အသင်းပိုင်ရှင်တွေအနေနဲ့ အန်ဆယ်လော့တီ အသင်းလက်မဲ့ဖြစ်ခဲ့ရင် စိတ်ဝင်စားဖွယ်ရှိပေမယ့် လက်ရှိနည်းပြ မွိုက်စ်ကို ထုတ်ပယ်ပြီး အစားထိုးဖို့တော့ ဖြစ်နိုင်ခြေနည်းပါတယ်။
လီဗာပူးလ်
အန်ဆယ်လော့တီက လီဗာပူးလ်ရဲ့ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းရဲ့နည်းပြဟောင်းတစ်ဦးဖြစ်ပေမယ့် လီဗာပူးလ်ပရိသတ်တွေက သူ့ကို နှစ်သက်ကြပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးဖို့ သေချာနေတဲ့နည်းပြအာနီဆလော့ပ်ကို ရေရှည်ဆက်ထားဖို့ ရည်ရွယ်ထားပေမယ့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရာမှာ ရလဒ်တွေမကောင်းခဲ့ရင်တော့ အန်ဆယ်လော့တီနဲ့ လီဗာပူးလ် ရေစက်ဆုံလာဖွယ်ရှိပါတယ်။