Power Bank တွေကို ဒီလိုမှန်ကန်စွာ သုံးစွဲပါ...
မီးသိပ်မမှန်တဲ့ အခြေအနေတွေရောက်လာပြီဆိုရင် လျှပ်စစ်ပစ္စည်းတွေက သုံးရတာ အခက်အခဲရှိလာပါပြီ။ ဒီနေရာမှာ မသုံးမဖြစ်သုံးနေရတဲ့လျှပ်စစ်ပစ္စည်းဆိုရင်တော့ Power Bank က ထိပ်ဆုံးကပဲဖြစ်မှာပါ။ ဒါကြောင့် Power Bank တွေကို အန္တရာယ်ကင်းကင်းသုံးနိုင်ဖို့ ဒီအချက်တွေကို သတိထားဖို့လိုအပ်ပါတယ်။
(၁) Power bank တန်းလန်းနဲ့ ဖုန်းတွေကို နေရောင်ခြည်တိုက်ရိုက်ထိတဲ့နေရာတွေမှာ အချိန်ကြာကြာထားတာမျိုး အသုံးပြုတာမျိုးတွေ မလုပ်ပါနဲ့။ အခန်းအပူချိန်မြင့်တဲ့နေရာမျိုးတွေမှာလည်း အသုံးမပြုသင့်ပါဘူး။
(၂) အချိန်ကြာမြင့်စွာ အားသွင်းတာမျိုးတွေ မလုပ်ပါနဲ့။ power bank တစ်လုံးကို 85% လောက်အားသွင်းရင် လုံလောက်ပါတယ်။ တစ်ညလုံးအားသွင်းတာမျိုး၊ အားပြည့်တဲ့အချိန်ထိ ပလပ်ဆက်ထိုးထားတာမျိုးတွေကို ရှောင်ပါ။
(၃) ညအိပ်တဲ့အခါမှာလည်း Power bank တွေကို အိပ်ယာပေါ်မှာထားရှိသုံးစွဲတာမျိုးမလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် အိပ်ယာနဲ့ဝေးဝေးမှာသာထားပါ။
(၄) Power bank တွေက အချိန်ကြာလို့ပဲဖြစ်ဖြစ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်ဖြစ် Battery ဖောင်းလာပြီဆိုတာနဲ့ ကိုယ်ဘာကိုယ် မပြုပြင်ပါနဲ့။ မဖိပါနဲ့ အချွန်နဲ့မထိုးပါနဲ့ ပေါက်ကွဲတက်တာမို့ ကျွမ်းကျင်တဲ့ service ဆရာတွေနဲ့သာ ပြသပါ။
(၅) Power bank တွေကို ဖုန်းနဲ့ကပ်ထားတာမျိုးတွေ၊ ဘောင်းဘီအိတ်ထဲထည့်တာမျိုးနဲ့ အလုံးပိတ်အိတ်တွေ ဘူးတွေထဲမှာ မထည့်ထားပါနဲ့။ Battery ကို ထိခိုက်ပျက်စီးစေနိုင်သလို အန္တရာယ်လည်းရှိပါတယ်။
(၆) Power Bank နဲ့ဖု န်းအားသွင်းတဲ့အချိန်မှာ ဖုန်းသုံးတာကို ရှောင်ပါ။ ဖုန်းသုံးချင်ပြီဆိုရင် power bank ကိုဖြုတ်ထားပါ။ အားသွင်းချိန်မှာ ဖုန်းနဲ့ Power bank ကို အနည်းငယ်ခွာထားပါ။ ပူးကပ်မထားပါနဲ့။
(၇) အရည်အသွေးမြင့်ပြီး အာမခံရှိတဲ့ Power bank တွေကို ဝယ်ပါ။ Brand တွေက ထုတ်ထားတဲ့ Power bank တွေက ဈေးနှုန်းအနည်းငယ်မြင့်တယ်ဆိုပေမဲ့ အသုံးပြုတဲ့သူတွေအပေါ်မှာ ထိခိုက်မှုမရှိအောင် ကောင်းမွန်တဲ့ပစ္စည်းတွေနဲ့သာ ပြုလုပ်ထားတာပါ။ ဒါကြောင့် အရည်အသွေးမြင့်တဲ့ Power Bank တွေကိုသာ ရွေးပါ။ ဈေးအရမ်းသက်သာနေပြီဆိုရင် သေချာလေးလေ့လာပါ။
(၈) Power Bank တိုင်းက ဖုန်းအားသွင်းလို့ရတယ်ဆိုပေမဲ့ Laptop တို့ Tablet တို့ အားသွင်းလို့ရတာတွေက ရှားပါတယ်။ ဒါကြောင့် Laptop / Tablet တွေအတွက် Power Bank ဝယ်ရင်လည်း ဝယ်မယ့်ဆိုင်ကို သေချာမေးဝယ်ပါ။
(၉) Quick Charge ပါတယ်ဆိုတိုင်းလည်း စွတ်မဝယ်ပါနဲ့။ ကိုယ့်ဖုန်းနဲ့ ကိုက်ညီရဲ့လားဆိုတာကိုလည်း သေချာကြည့်ဝယ်ပါ။