ဖလားလက်မဲ့ကျိန်စာကို အဆုံးသတ်ဖို့ ရမှတ်(၄)မှတ်သာလိုတော့တဲ့ ဟာရီကိန်း
ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာရီကိန်းဟာ သူ့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးဆုဖလားကိုကိုင်မြှောက်နိုင်ဖို့ နီးစပ်နေပြီး သူ့ရဲ့ကလပ်အသင်းက လာမယ့်ဘွန်ဒစ်လီဂါပွဲစဉ်တွေမှာ ရမှတ်(၄)မှတ်ရယူနိုင်ခဲ့ရင် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက လေဗာကူဆင်အသင်းကို လက်ကျန်ပွဲ(၄)ပွဲအလိုမှာ ရမှတ်(၈)မှတ်အထိဖြတ်ပြီးဦးဆောင်နေတာကြောင့် ချန်ပီယံဆုရယူဖို့ နောက်ထပ်ရမှတ်(၄)မှတ်သာ လိုအပ်တော့တာဖြစ်ပါတယ်။

ဒီရာသီ ဘွန်ဒစ်လီဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၃၀)ကစားခဲ့ပြီးဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လက်ကျန်(၄)ပွဲမှာ မိန့်ဇ်(အိမ်ကွင်း)၊ လိုက်ပ်ဇစ်(အဝေးကွင်း)၊ ဒေါ့မွန်(အိမ်ကွင်း)၊ ဟော်ဖန်ဟိမ်း(အဝေးကွင်း)အစရှိတဲ့အသင်းတွေနဲ့ ကစားရမှာပါ။
ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရမှတ်တူရင် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက လေဗာကူဆင်ကို ဂိုးကွာခြားချက်(၂)ဆအထိအသာရနေတာကြောင့် (ဘိုင်ယန်မြူးနစ်က + ၅၈ ဂိုး၊ လေဗာကူဆင်က + ၂၉ ဂိုး)ရမှတ်(၄)မှတ်ရယူနိုင်ရုံနဲ့ ဗိုလ်စွဲဖို့ သေချာနေတာပါ။

လက်ရှိမှာ ဘွန်ဒစ်လီဂါပွဲစဉ်(၃၀)ကစားအပြီး ဘိုင်ယန်မြူးနစ်က ရမှတ်(၇၂)မှတ်၊ လေဗာကူဆင်က (၆၄)မှတ်ရရှိထားတာဖြစ်ပါတယ်။
အရင်စပါးအသင်းမှာ ကစားခဲ့စဉ်က ချန်ပီယံဆုတွေနဲ့ အမြဲလိုလိုဝေးကွာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရောက်လာတော့လည်း ပထမဆုံးရာသီကို ဖလားလက်မဲ့ဖြတ်သန်းခဲ့ရတဲ့ ဟာရီကိန်းအနေနဲ့ လူပြောများနေတဲ့ "Harry Kane curse"ဆိုတဲ့ ဖလားလက်မဲ့ကျိန်စာကို ဒီရာသီမှာ ရပ်တန့်နိုင်ဖို့ (၉၀%)သေချာနေပြီလို့ ဆိုရမှာပါ။