ဖလား(၃)လုံးမကတဲ့ မျှော်လင့်ချက်တွေနဲ့ PSG ၊ ဘာစီလိုနာ၊ အင်တာမီလန်
ချန်ပီယံလိဂ်၊ ပြည်တွင်းအမှတ်ပေးဖလား၊ ပြည်တွင်းရှုံးထွက်ဖလားဆိုတဲ့အဓိကဆုဖလားတွေကို တစ်ရာသီအတွင်း (၃)လုံးစလုံးရရှိအောင် စွမ်းဆောင်နိုင်တဲ့ ဥရောပကလပ်အသင်း (၈)သင်းပဲရှိပါတယ်။
ဒီအသင်းတွေက ဘာစီလိုနာ(၂၀၀၉၊ ၂၀၁၅)၊ ဘိုင်ယန်မြူးနစ်(၂၀၁၃၊ ၂၀၂၀) ဆဲလ်တစ်(၁၉၆၇)၊ အိုင်းယက်စ်(၁၉၇၂)၊ PSV(၁၉၈၈)၊ မန်ယူနိုက်တက်(၁၉၉၉)၊ အင်တာမီလန်(၂၀၁၀)၊ မန်စီးတီး(၂၀၂၃)အစရှိတဲ့အသင်းတွေ ဖြစ်ပါတယ်။
ဒီအသင်းတွေထဲမှာ တချို့က ဒီဖလား(၃)လုံး(ချန်ပီယံလိဂ်၊ ပြည်တွင်းအမှတ်ပေးဖလား၊ ပြည်တွင်းရှုံးထွက်ဖလား)သာမကဘဲ နောက်ထပ်ဖလားတချို့ကိုပါ ရယူနိုင်ခဲ့ပြီး တစ်ရာသီအတွင်း ဖလား(၃)လုံးချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်အပြင် ဖလား(၄)လုံး၊ ဖလား(၅)လုံးချန်ပီယံတွေအဖြစ်ပါ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်နေတဲ့အသင်း(၄)သင်းထဲမှာလည်း အသင်း(၃)သင်းက ဖလား(၃)လုံးမကတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတွေရှိနေပါတယ်။
ဆီမီးဖိုင်နယ်ရောက်(၄)သင်းထဲမှာ အာဆင်နယ်အသင်းကလွဲလို့ PSG ၊ ဘာစီလိုနာ၊ အင်တာမီလန်အသင်းတို့က ဖလား(၃)လုံးထက်မကတဲ့ မျှော်လင့်ချက်တွေကို ပိုင်ဆိုင်ထားကြတာပါ။
ပြင်သစ်ကလပ် PSG အသင်းက ဒီရာသီမဆုံးခင်မှာပဲ ပြင်သစ်လိဂ်ချန်ပီယံအဖြစ် ပြန်လည်အောင်ပွဲခံနိုင်ခဲ့ပြီး ပြင်သစ်စူပါဖလား(Trophee des Champions)ကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ ပြင်သစ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် PSG အသင်းအတွက် ဒီနွေရာသီမှာ ဖလား(၅)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
စပိန်ကလပ် ဘာစီလိုနာအသင်းကလည်း စပိန်စူပါဖလား(Supercopa de Espana)ကို ရယူခဲ့ပြီး လာလီဂါမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာအသင်းအတွက် ဒီနွေရာသီမှာ ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
အီတလီကလပ်အင်တာမီလန်အသင်းက ဒီရာသီမှာ ဖလားတစ်လုံးမှ ကိုင်မြှောက်ရခြင်းမရှိသေးပေမယ့် ဖလား(၄)လုံးရယူနိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အင်တာမီလန်အသင်းဟာ စီးရီးအေမှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေသလို၊ ကိုပါအီတာလီယာဖလားမှာလည်း ဆီမီးဖိုင်နယ်ကို တက်ရောက်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နေသလို၊ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီရာသီချန်ပီယံလိဂ်ဆီမီးရောက်(၄)သင်းထဲမှာ အာဆင်နယ်အသင်းကလွဲလို့ အမြင့်ဆုံးအောင်မြင်မှုဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေတဲ့ အသင်း(၃)သင်းရှိနေပြီး ဘယ်အသင်းတွေ အိပ်မက်ပန်းတိုင်ဆီ အရောက်ချီတက်နိုင်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။