ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MOTM)ကို လက်ခံရယူဖို့ ဒမ်ဘီလီ ငြင်းဆန်ခဲ့

PSG အသင်းက အက်စတွန်ဗီလာအသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲအပြီးမှာ PSG တောင်ပံကစားသမား ဒမ်ဘီလီဟာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကို လက်ခံရယူဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီပွဲမှာ PSG အသင်းဟာ အက်စတွန်ဗီလာအသင်းကို ဦးဆောင်ဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးပြန်ပေးခဲ့ရပြီး (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ ပထမအကျော့ပွဲမှာ (၃-၁)ဂိုးနဲ့ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ်(၅-၄)ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ ဒုတိယအကျော့မှာ ဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းပြသမှုတွေကြောင့်သာ PSG အသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံး(၄)သင်းအဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဂိုးသမားဒွန်နာရမ်မာကို ကျော်ပြီး ဒမ်ဘီလီက ရရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် ဒမ်ဘီလီဟာ အံ့အားသင့်နေပြီး ဒီဆုကိုကိုင်ပြီး ဓါတ်ပုံရိုက်ခံရချိန်မှာ ပျော်ရွှင်တဲ့ပုံစံပြသခဲ့ခြင်းမရှိသလို ဓါတ်ပုံရိုက်ပြီးနောက်မှာ ဒီဆုကိုယူဖို့ ငြင်းဆန်ကာဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပွဲအပြီး Canal+ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီပွဲဟာ သူတို့ရဲ့သင်ခန်းစာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ အခုပွဲထက်ပိုကောင်းအောင်အများကြီးလုပ်ရမယ်လို့ ဆိုခဲ့တာပါ။

ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ PSG အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အနိုင်ယူကျော်ဖြတ်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။