Nvidia က မိတ်ဆက်သွားမယ့် ကမ္ဘာ့အသေးဆုံး စားပွဲတင် AI Supercomputer
လက်ရှိ Las Vegas မှာကျင်းပနေတဲ့ CES 2025 မှာ Nvidia အနေနဲ့ Project Digits လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အသေးဆုံး AI Supercomputer အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Project Digits ဟာဆိုရင် Grace Blackwell Patform ပေါ်မှာ အခြေခံထားပြိး သေးငယ်တဲ့ပုံစံအဖြစ် ဖန်တီးတည်ဆောက်ထားတာလို့ ဆိုပါတယ်။
Project Digits ဟာဆိုရင် Nvidia ရဲ့ AI Software များ (AI Ecosystem, PyTorch, Jupyter Notebooks, NeMo စသဖြင့်) နှင့်ချိတ်ဆက်အသုံးပြုနိုင်ပြီးတော့ အပြည့်အဝ support ပေးနိုင်ပါတယ်။ “ဒါဟာ မင်းရဲ့ ကွန်ပျုတာစားပွဲပေါ်မှာရှိတဲ့ Could Computing Platform တစ်ခုပါပဲ။ မင်းသဘောကျရင် မင်းရဲ့ Workstation လို့တောင် ခေါ်လို့ရနေပြီ” လို့ Nvidia CEO Jensen Huang ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။
Project Digits ဟာဆိုရင် AI နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ရန်နှင့် ဆန်းသစ်တီထွင်ခြင်းတွေ လုပ်ဆောင်နိုင်ရန်အတွက်အပြင် AI အကြောင်း စတင်လေ့လာနေတဲ့ ကျောင်းသားများအတွက်ပါ အဓိကရည်ရွယ်ထားတာပါ။ Project Digits ဟာ Nvidia ရဲ့ GB10 Grace Blackwell Superchips အသစ်ကို အသုံးပြုထားပြီး High Computing system တွေဖြစ်တဲ့ Prototyping, Fine-tuning နဲ့ AI မော်ဒယ်တစ်ခုချင်းဆီကို အပြည့်အဝအလုပ်လုပ်စေနိုင်တဲ့အထ်ိ စွမ်းဆောင်ရည်ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
Nvidia ရဲ့ အဆိုအရ Project Digits single unit တစ်စုံဟာ 200B Parameter အရွယ်အစားရှိ AI မော်ဒယ်တွေကြီးများကိုတောင် ထိရောက်စွာ အလုပ်လုပ်စေနိုင်ပြီး Projecgt Digits စနစ်နှစ်စုံကို ပေါင်းလိုက်မယ်ဆိုရင်တော့ 405B Parameter အရွယ်အစားရှိတဲ့ AI မော်ဒယ်အကြီးစားတွေ အပြည့်အဝလည်ပတ်နိုင်တယ်လို့ ဆိုပါတယ်။ Project Digits ကို သီးသန့်အနေနဲ့ သုံးနိုင်သလို Windows , Mac PC တို့နဲ့လည်း ချိတ်ဆက်သုံးနိုင်မှာပါ။
CEO Huang ကတော့ Project Digits ကနေတဆင့် Grace Blackwell Superchips တွေကို သန်းပေါင်းများစွာသော လုပ်ငန်းရှင်ကြီးများထံ ရောက်ရှိစေမှာဖြစ်ပြီး ဒေတာသိပ္ပံပညာရှင်များ၊ သုတေသနပညာရှင်/ ကျောင်းသားတွေရဲ့ အလုပ်စားပွဲပေါ်မှာလည်း AI Supercomputer တစ်လုံးထားရှိနိုင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Project Digits ကိုတော့ လာမယ့်မေလမှာ စတင်ပြီး Nvidia ရဲ့ ထိပ်တန်း Customer/ Patner တွေကို ဒေါ်လာ 3000 ဖြင့် စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။