နည်းပြအက်ဒီဟောင်း အသင်းအတွက်အလုပ်ပြန်လုပ်နေပြီလို့ နယူးကာဆယ် အတည်ပြု

အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ကုသမှုတွေခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နည်းပြအက်ဒီဟောင်းဟာ အသင်းအတွက်အလုပ်ပြန်လုပ်နေပြီလို့ နယူးကာဆယ်အသင်းက အတည်ပြုခဲ့ပါတယ်။ အက်ဒီဟောင်းဟာ အဆုတ်ရောင်ရောဂါကြောင့် ရက်အတော်ကြာနေမကောင်းဖြစ်ပြီးနောက် အခုလအစောပိုင်းမှာ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရပါတယ်။
အက်ဒီဟောင်းဟာ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရတဲ့အတွက် နယူးကာဆယ်အသင်းက မန်ယူနိုက်တက်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲ၊ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၅-ဝ)နဲ့ အနိုင်ရတဲ့ပွဲနဲ့ အက်စတွန်ဗီလာအသင်းကို (၁-၄)ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲတွေမှာ ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ နည်းပြအက်ဒီဟောင်းမကိုင်တွယ်နိုင်ခဲ့တဲ့ ဒီပွဲတွေကို လက်ထောက်နည်းပြတွေဖြစ်တဲ့ တင်ဒဲလ်နဲ့ ဂရေမီဂျုံးစ်တို့က နယူးကာဆယ်အသင်းကို ဦးဆောင်ကိုင်တွယ်ခဲ့တာပါ။

အခုအချိန်မှာတော့ နည်းပြအက်ဒီဟောင်းဟာ ကလပ်ရဲ့လေ့ကျင့်ရေးစင်တာမှာ သူ့ရဲ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်နေကြောင်း နယူးကာဆယ်အသင်းက သူတို့ရဲ့ဆိုရှယ်မီဒီယာ X မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အက်ဒီဟောင်းအနေနဲ့ ကျန်းမာရေးအခြေအနေပြန်ကောင်းမွန်လာပြီဖြစ်လို့ ဧပြီ(၂၆)ရက်မှာ ယှဉ်ပြိုင်မယ့် အစ်ဝစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ကွင်းအတွင်းမှာ ပြန်လည်ကြီးကြပ်ဖွယ်ရှိနေတာပါ။

အက်ဒီဟောင်းဟာ နယူးကာဆယ်အသင်းကို ပြီးခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ရရှိအောင် ကိုင်တွယ်ပေးပြီး အသင်းကို နှစ်ပေါင်း(၇၀)အတွင်း ပထမဆုံးပြည်တွင်းဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၅)နေရာရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။