နိုင်ပွဲကိုယ်စီရပေမယ့် ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရတဲ့ အက်စတွန်ဗီလာနဲ့ ဒေါ့မွန်
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
(ဒုတိယအကျော့)
အက်စတွန်ဗီလာ(၃-၂)PSG
ဒေါ့မွန်(၃-၁)ဘာစီလိုနာ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့(ပထမနေ့)ပွဲစဉ်တွေအပြီးမှာ ပရိသတ်တွေ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း PSG နဲ့ ဘာစီလိုနာတို့ ဆီမီးဖိုင်နယ်ကို တက်လာခဲ့ပေမယ့် (၂)သင်းစလုံး ရှုံးပွဲကိုယ်စီတွေ့ခဲ့ကြပါတယ်။
အက်စတွန်ဗီလာနဲ့ ဒေါ့မွန်အသင်းတို့က အိမ်ကွင်းမှာ နိုင်ပွဲတွေရယူနိုင်ခဲ့ပေမယ့် ပထမအကျော့က ဂိုးပြတ်အရှုံးတွေကို မချေဖျက်နိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ပထမအကျော့ပြင်သစ်မြေမှာ ဗီလာတိုက်စစ်က ရော်ဂျာစ်တစ်ဂိုးသွင်းတာကလွဲလို့ ဘာမှလုပ်မပြနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ အိမ်ကွင်းမှာ ဗီလာက PSG ကို တရစပ်တိုက်စစ်ဆင်ပြီး ဂိုးသွင်းခွင့်တွေ အမြောက်အမြားရခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ (၂)ဂိုးအရင်သွင်းသွားတာက PSG ဖြစ်ပြီး ဗီလာရဲ့ဂိုးရလိုဇောကြီးမှုတွေကို အသုံးချပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေရယူခဲ့တာပါ။
ပွဲချိန်(၁၁)မိနစ်မှာ ဟာကီမီ၊ (၂၇)မိနစ်မှာ မန်ဒက်စ်တို့က ဦးဆောင်ဂိုးတွေသွင်းခဲ့ပြီး ဗီလာအတွက် ပွဲချိန်(၃၄)မိနစ်မှာ တိုင်လေမန်၊ (၅၅)မိနစ်မှာ မက်ဂင်၊ (၅၇)မိနစ်မှာ ကွန်ဆာတို့က ဂိုးတွေ ပြန်သွင်းခဲ့တာပါ။
ပွဲချိန်နောက်ဆုံး(၃၀)မိနစ်ကတော့ နှစ်ဖက်ဂိုးသမားတွေဖြစ်တဲ့ ဒွန်နာရမ်မာနဲ့ မာတီနက်ဇ်တို့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် နှစ်သင်းစလုံးဂိုးမဖြစ်တဲ့ ကန်သွင်းချက်တွေနဲ့သာ အချိန်ကုန်ဆုံးသွားခဲ့ရပါတယ်။ ဒါကြောင့် PSG အသင်းက နှစ်ကျော့ပေါင်းမှာ တစ်ဂိုးအသာ (၅-၄)ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။
ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းရဲ့သွင်းဂိုးစုစုပေါင်းက ဂိုး(၃၀)အထိရှိခဲ့ပြီး ချန်ပီယံလိဂ်တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်တဲ့ ပြင်သစ်လိဂ်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒေါ့မွန်(၃-၁)ဘာစီလိုနာပွဲမှာ ဒေါ့မွန်အသင်းက ဘာစီလိုနာအသင်းဂိုးပေါက်ကို (၁၀)ကြိမ်ထက်မနည်းခြိမ်းခြောက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းက ဂိုးပေါက်တည့်ကန်ချက်(၂)ကြိမ်တည်းသာရှိတဲ့အထိ ဒီနှစ်သင်းကြား ဂိုးအခွင့်အရေးကွာဟခဲ့ပါတယ်။
ပထမအကျော့မှာ (၄)ဂိုးပြတ်ရှုံးထားတာကြောင့် ဒေါ့မွန်အသင်းက ဖောင်ဖျက်တိုက်တဲ့သဘောနဲ့ တိုက်စစ်ဖွင့်ပြီး ကစားခဲ့တာပါ။ ပွဲချိန်(၁၁)မိနစ်မှာပဲ ပယ်နယ်တီရခဲ့ပြီး တိုက်စစ်မှူးဂွီရာဆေက လှပစွာကန်သွင်းခဲ့ပါတယ်။

ဒေါ့မွန်အတွက် ပွဲချိန်(၄၉)မိနစ်နဲ့ (၇၆)မိနစ်တွေမှာ ဂီရာဆေကပဲ အနိုင်ဂိုးတွေသွင်းခဲ့ပြီး ပွဲချိန်(၅၄)မိနစ်မှာဘာစီလိုနာကို ပြန်ပေးခဲ့ရတဲ့ ဂိုးကလည်း ဒေါ့မွန်နောက်ခံလူ ဘန်စီဘိုင်နီ Own Goal သွင်းမိတာကြောင့် ဖြစ်လို့ ဒီပွဲက ဘာစီလိုနာကစားသမားတွေ သွင်းတဲ့ဂိုးတစ်ဂိုးမှ မရှိတဲ့ပွဲဖြစ်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းအနေနဲ့ ပထမအကျော့က ရလဒ်ကို ချေဖျက်နိုင်ခြင်းမရှိခဲ့လို့ နှစ်ကျော့ပေါင်း(၅-၃)ဂိုးနဲ့ ကွာတားအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။