မန်ယူနိုက်တက်ရဲ့အမှတ်ပေးချန်ပီယံဆုအရေအတွက်ကိုသာ လိုက်မီပြီး အအောင်မြင်ဆုံးဂုဏ်ပုဒ်ကို လိုက်မီမှာ မဟုတ်သေးတဲ့လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)လီဗာပူးလ်-စပါးပွဲမှာ အနိမ့်ဆုံး သရေကစားနိုင်ခဲ့ရင် အခြားဘယ်အသင်းရဲ့ရလဒ်ကိုမှ စောင့်ကြည့်နေစရာမလိုဘဲ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက အာဆင်နယ်အသင်းကို ရမှတ်(၁၂)မှတ်ဖြတ်ထားနိုင်တာကြောင့် (အာဆင်နယ်က လက်ကျန် ၄ ပွဲသာကျန်တော့လို့) နောက်ထပ် ရမှတ်(၁)မှတ်ရတာနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

ဒီရာသီမှာ ရယူမယ့် ချန်ပီယံဆုဟာ လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ်ဆုဖလားဖြစ်ပြီး အင်္ဂလန်အမှတ်ပေးချန်ပီယံသမိုင်းတစ်လျှောက်မှာတော့ အကြိမ်(၂၀)မြောက်ဆုဖလားဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုအများဆုံးရယူထားတဲ့ မန်ယူနိုက်တက်အသင်းရဲ့စံချိန်အကြိမ်(၂၀)ကို လိုက်မီတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာတော့ မန်ယူနိုက်တက်အသင်းက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ခွင့်ရမှာဖြစ်ပြီး လီဗာပူးလ်အသင်းက ကျော်တက်ခွင့်မရှိသေးဘဲ ဒုတိယနေရာမှာပဲ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ဆက်ရှိနေမှာပါ။
လီဗာပူးလ်အသင်းဟာ ချန်ပီယံအောင်မြင်မှုမှာ မန်ယူနိုက်တက်အသင်းရဲ့အကြိမ်(၂၀)ကို လိုက်မီပေမယ့် ဒုတိယနေရာ ရယူနိုင်မှုအရေအတွက်မှာ (၂)ကြိမ်လိုအပ်နေသေးတာကြောင့် ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းက အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာချန်ပီယံ(၂၀)ကြိမ်၊ ဒုတိယ(၁၇)ကြိမ်နဲ့ ရပ်တည်နေပြီး လီဗာပူးလ်အသင်းက ဒီရာသီဆုဖလားပါထည့်တွက်မှ ချန်ပီယံ(၂၀)ကြိမ်၊ ဒုတိယ(၁၅)ကြိမ်သာရှိဦးမှာဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မန်ယူနိုက်တက်အသင်းက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲလို့ ဆိုရမှာဖြစ်ပြီး လီဗာပူးလ်အသင်းက ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ဖို့ နောက်ရာသီတွေမှာ ဆက်လက်ကြိုးစားရမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းစာရင်းမှာ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းနောက် အာဆင်နယ်(ချန်ပီယံ ၁၃ ကြိမ်၊ ဒုတိယ ၁၁ ကြိမ်)၊ မန်စီးတီး(ချန်ပီယံ ၁၀ ကြိမ်၊ ဒုတိယ ၆ ကြိမ်)၊ အဲဗာတန်(ချန်ပီယံ ၉ ကြိမ်၊ ဒုတိယ ၇ ကြိမ်)တို့ ရှိနေပါတယ်။