မန်ယူနိုက်တက်အသင်းနဲ့ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာပါဝင်ကစားဖို့ AFF ရဲ့ရွေးချယ်ခြင်းခံရတဲ့ မောင်မောင်လွင်

လာမယ့် မေလ(၂၈)ရက်၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ဘူကစ်ဂျာလီကွင်းမှာ ကစားမယ့် မန်ယူနိုက်တက်အသင်းနဲ့ အာဆီယံညွန့်ပေါင်း (ASEAN-All Stars)အသင်းတို့ခြေစမ်းပွဲမှာ ပါဝင်ကစားဖို့ မြန်မာ့လက်ရွေးစင်ကွင်းလယ်လူမောင်မောင်လွင် ဖိတ်ကြားခံခဲ့ရပါတယ်။

ASEAN-All Stars အသင်းမှာ ပါဝင်ကစားဖို့ မောင်မောင်လွင်ကို ရွေးချယ်ကြောင်း အရှေ့တောင်အာရှဘောလုံးအဖွဲ့ချုပ် (AFF)က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံ တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

Photo: Mg Mg Lwin Facebook

မောင်မောင်လွင်ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေသလို ထိုင်းပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC အသင်းမှာလည်း ခြေစွမ်းပြကစားနေတာကြောင့် အာဆီယံညွန့်ပေါင်းအသင်းအတွက် မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF ကထုတ်ပြန်ခဲ့ပါတယ်။

မောင်မောင်လွင်က ဒီလိုရွေးချယ်ခံရတဲ့အတွက် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရကြောင်းနဲ့ သူ့ကိုယ်သူ ဂုဏ်ယူမိတယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ (Facebook)မှာ ဖော်ပြခဲ့ပါတယ်။

Photo: Mg Mg Lwin Facebook

ASEAN-All Stars အသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လာမယ့် ၂၀၂၅ နွေရာသီကာလအတွင်း အာရှဒေသကို ခြေစမ်းခရီးလာရောက်မှာဖြစ်ပြီး မေလ(၂၈)ရက်မှာ ASEAN-All Stars အသင်း၊ မေလ(၃၀)ရက်မှာ ဟောင်ကောင်လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားသွားမှာပါ။

အဲဒီနောက် ဇူလိုင်(၁၉)ရက်နေ့မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ လိဒ်စ်ယူနိုက်တက်အသင်း၊ ဇူလိုင်(၂၆)ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာ ဝက်စ်ဟမ်းအသင်း၊ ဇူလိုင်(၃၀)ရက်နေ့မှာ ချီကာဂိုမှာ ဘုန်းမောက်အသင်း၊ ဩဂုတ်(၃)ရက်နေ့မှာ အတ္တလန်တာမှာ အဲဗာတန်အသင်းတို့နဲ့ နွေရာသီခြေစမ်းပွဲတွေကို ကစားသွားမှာဖြစ်ပါတယ်။