မန်ယူနိုက်တက်အသင်းကို မတူညီတဲ့ပြိုင်ပွဲ(၃)ခုမှာ နိုင်ပွဲတွေရှာပေးခဲ့တဲ့ မက်ဂွဲယားရဲ့ ခေါင်းတိုက်ဂိုး(၃)ဂိုး

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်နောက်ခံလူမက်ဂွဲယားက ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုး(၄)ဂိုးသွင်းထားပြီး ဒီအထဲက နောက်ဆုံးဂိုး(၃)ဂိုးက မန်ယူနိုက်တက်အသင်းကို မတူညီတဲ့ပြိုင်ပွဲ(၃)ခုမှာ နိုင်ပွဲရရှိစေခဲ့တဲ့ အနိုင်ဂိုးတွေဖြစ်ခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီလ(၇)ရက်က ကစားခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲစဉ် မန်ယူနိုက်တက်-လက်စတာပွဲမှာ ပွဲချိန်မိနစ်(၉၀)ပြည့်ချိန်အထိ (၁-၁)ဂိုးနဲ့သရေကျနေပြီး မက်ဂွဲယားက ပွဲချိန်(၉၀+၃)မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီလ(၂၆)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၇) မန်ယူနိုက်တက်-အစ်ဝစ်ချ်ပွဲမှာလည်း (၂-၂)ဂိုးနဲ့သရေကျနေချိန် ပွဲချိန်(၄၇)မိနစ်မှာ မက်ဂွဲယားသွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုးကြောင့် မန်ယူနိုက်တက်အသင်းက (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၁၇)ရက်နေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့)ပွဲစဉ် မန်ယူနိုက်တက်(၅-၄)လိုင်ယွန်ပွဲမှာလည်း မက်ဂွဲယားက ပွဲချိန်(၁၂၀+၁)မိနစ်မှာ အသင်းအတွက် ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီဂိုးတွေမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ(၃)ရက်နေ့က ကစားခဲ့တဲ့ ပေါ်တို(၃-၃)မန်ယူနိုက်တက်ပွဲမှာလည်း မန်ယူနိုက်တက်အသင်းဟာ ပွဲချိန်(၉၀)မိနစ်ပြည့်ချိန်မှာ (၂-၃)ဂိုးနဲ့ ရှုံးနိမ့်နေပြီး မက်ဂွဲယားသွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုးကြောင့် ရှုံးပွဲမတွေ့ခဲ့ဘဲ သရေရလဒ်ရခဲ့ရတာပါ။

ဒါကြောင့် ဒီရာသီမှာ မက်ဂွဲယားက ခေါင်းတိုက်ဂိုးတွေနဲ့ အသင်းကို အကျိုးပြုနေပြီး နောက်ဆုံးခေါင်းတိုက်ဂိုး(၃)ဂိုးက ပြိုင်ပွဲ(၃)ခုမှာ အသင်းကို အနိုင်ရရှိစေတဲ့ အနိုင်ဂိုးတွေဖြစ်ခဲ့တာပါ။ ရာသီလက်ကျန်ပွဲတွေမှာရော မက်ဂွဲယားဆီက အဖိုးတန်ခေါင်းတိုက်ဂိုးတွေဆက်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ ...