မန်စီးတီး ဗီလာနိုင်၊ နယူးကာဆယ်ရှုံးပြီး ထိပ်ဆုံး(၅)သင်းတိုက်ပွဲ ပိုပြင်းထန်လာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) စနေနေ့ပွဲတွေမှာ အဆင့်(၅)နေရာက မန်စီးတီးအသင်းက အဲဗာတန်ကို အဝေးကွင်းမှာ (၂-၀)ဂိုးနဲ့နိုင်ခဲ့ပြီး အဆင့်တစ်ဆင့်တက်လာခဲ့သလို၊ အဆင့်(၇)နေရာက ဗီလာအသင်းကလည်း အဆင့်(၃)က နယူးကာဆယ်အသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဆင့်တစ်ဆင့်တက်လာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်အဆင့်(၃)က နယူးကာဆယ်အသင်းနဲ့ အဆင့်(၇)က ချယ်လ်ဆီးအသင်းကြား ရမှတ်(၅)မှတ်သာကွာဟ(ချယ်လ်ဆီးက ဒီနေ့ကစားရမည်)တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံး(၅)သင်းတိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်၊ မန်စီးတီး၊ ဖောရက်စ်၊ ဗီလာ၊ ချယ်လ်ဆီးအစရှိတဲ့အသင်း(၅)သင်းက အဆင့်(၃၊ ၄၊ ၅)နေရာကို အပြိုင်လုရမှာဖြစ်ပြီး လက်ကျန်ပွဲတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။

အဲဗာတန်(၀-၂)မန်စီးတီးပွဲမှာ အသင်းကြီးတွေကို အိမ်ကွင်းမှာ အရှုံးမပေးဘဲ အနိမ့်ဆုံးသရေကျအောင် ကစားလေ့ရှိတဲ့ အဲဗာတန်အသင်းက ပွဲချိန်(၈၀)ကျော်အထိ ဂိုးမပေးရအောင် တောင့်ခံထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်(၈၄)မိနစ်မှာ မန်စီးတီးလူငယ်ကစားသမား အိုရေးလီက ဦးဆောင်ဂိုးသွင်းခဲ့လို့ အဲဗာတန်အသင်း ဂိုးပေးခဲ့ရပါတယ်။

အသက်(၂၀)နှစ် (၂၉)ရက်သာရှိသေးတဲ့ အိုရေးလီဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ စတုတ္ထအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၀ ခုနှစ်က ဒီလို ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့တောင်ပံကစားသမားဖိုဒန်(၂၀ နှစ် ၂၅ ရက်)အပြီး အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ကိုဗာချစ်က (၉၀+၁)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဗီလာ(၄-၁)နယူးကာဆယ်ပွဲမှာ ဗီလာအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး တိုက်စစ်မှူးဝက်ကင်စ်ခြေစွမ်းပြမှုနဲ့အတူ နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။


ပွဲအစ(၁)မိနစ်မှာပဲ ဝက်ကင်စ်က အဖွင့်ဂိုးသွင်းခဲ့ပြီး ပွဲချိန်(၆၄)မိနစ်မှာ နောက်ခံလူမတ်ဆန်သွင်းယူနိုင်အောင်လည်း သူက ပေးပို့ခဲ့တာပါ။ ဒီပွဲပထမပိုင်းမှာ ဝက်ကင်စ်ရဲ့ဂိုးရဖို့ ကြိုးပမ်းမှု(၂)ခု တိုင်ထိသွားခဲ့လို့ နယူးကာဆယ်အသင်း သက်သာရာရခဲ့တာပါ။ ပွဲချိန်(၇၃)မိနစ်မှာ နယူးကာဆယ်နောက်ခံလူဒန်ဘန်း Own Goal သွင်းမိခဲ့ပြီး နောက်(၂)မိနစ်အကြာမှာ ဗီလာကွင်းလယ်လူအိုနာနာက ပွဲသိမ်းဂိုးသွင်းခဲ့တာပါ။

ဒီပွဲမှာ နယူးကာဆယ်ရဲ့တစ်လုံးတည်းသောချေပဂိုးကို ဖေဘီယန်ရှားက ပထမပိုင်း(၁၈)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

ဘရန့်ဖိုဒ်(၄-၂)ဘရိုက်တန်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းဟာ အိမ်ကွင်းမှာ (၈)ပွဲဆက်တိုက်နိုင်ပွဲမရှိဖြစ်နေတာကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘူမိုရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက (၁၈)ဂိုးအထိရှိလာခဲ့ပြီး သူ့ထက်ဂိုးပိုသွင်းထားတာ ဆာလာ(လီဗာပူးလ်/၂၇ ဂိုး)၊ ဟာလန်း(မန်စီးတီး/၂၁ ဂိုး)၊ အစ်ဆက်(နယူးကာဆယ်/၂၁ ဂိုး)တို့သာရှိပါတော့တယ်။

ခရစ္စတယ်ပဲလေ့စ် (၀-၀)ဘုန်းမောက်ပွဲမှာလည်း ဘုန်းမောက်အသင်းက သရေရမှတ်(၁)မှတ်ယူခဲ့ပြီး ဒီရာသီမှာ ရမှတ်(၄၉)မှတ်အထိ ရှိလာခဲ့ပါတယ်။ ဒီရမှတ်က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘုန်းမောက်အသင်းရဲ့အမြင့်ဆုံးရမှတ်အဖြစ် စံချိန်သစ်တင်သွားခဲ့ပါတယ်။ အရင်စံချိန်ဟောင်းက ပြီးခဲ့တဲ့ရာသီမှာ ရမှတ်(၄၈)မှတ်ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိနည်းပြအီရာအိုလာအနေနဲ့ မနှစ်က သူတင်ထားတဲ့စံချိန်ကို (လက်ကျန် ၅ ပွဲအလိုမှာ) ပြန်ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

စနေနေ့ပွဲရလဒ်များ

အဲဗာတန်(၀-၂)မန်စီးတီး
ဗီလာ(၄-၁)နယူးကာဆယ်
ဘရန့်ဖိုဒ်(၄-၂)ဘရိုက်တန်ပွဲ
ခရစ္စတယ်ပဲလေ့စ် (၀-၀)ဘုန်းမောက်
ဝက်စ်ဟမ်း(၁-၁)ဆောက်သမ်တန်