မန်စီးတီးအသင်းရဲ့လာမယ့်ပွဲအနည်းငယ်ကို ဟာလန်းလွဲချော်မယ်လို့ နည်းပြဂွါဒီယိုလာ အတည်ပြု
ဒဏ်ရာကြောင့် အနားယူနေရတဲ့ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ အပေါ့စားလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် မန်စီးတီးအသင်းရဲ့လာမယ့်ပွဲအနည်းငယ်ကို လွဲချော်မယ်လို့ အဲဗာတန်အသင်းနဲ့ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက အတည်ပြုခဲ့ပါတယ်။
ဟာလန်းဟာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အားကစားကွင်းကနေ ချိုင်းထောက်နဲ့ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဟာလန်းဟာ (၅)ပတ်ကနေ (၇)ပတ်ကြာအထိ အနားယူရမှာဖြစ်တဲ့အတွက် ဒီရာသီမန်စီးတီးအသင်းရဲ့လက်ကျန်ပွဲစဉ်တွေကို လွဲချော်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

ဒါပေမယ့် ဟာလန်းဟာ ကြာသပတေးနေ့က မန်စီးတီးအသင်းရဲ့လေ့ကျင့်ရေးကွင်းရှိ အားကစားခန်းမမှာ အပေါ့စားလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပြီးနောက် ပရိသတ်တွေဟာ အံ့အားသင့်ပြီး ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးအသင်းအတွက် ဟာလန်းပြန်ပါဝင်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် နည်းပြဂွါဒီယိုလာက သူပါဝင်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေကာ အတည်ပြုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့နံပတ်တစ်ဂိုးသမား အီဒါဆန်လည်း အဲဗာတန်အသင်းနဲ့ပွဲကို လွဲချော်မယ်လို့ နည်းပြဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေပေမယ့် ဝင်ခွင့်သေချာဖို့အတွက် လက်ကျန်ပွဲစဉ်အားလုံးမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။