MMA ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ထိုးသတ်ကြဖို့ ရန်သူတော်ဟောင်းဆွာရက်ဇ်ကို စိန်ခေါ်လိုက်တဲ့ အီဗရာ
မန်ယူနိုက်တက်အသင်းရဲ့ပြင်သစ်နောက်ခံလူဟောင်း အီဗရာက သူနဲ့ ရန်ကြွေးရန်စရှိခဲ့ဖူးတဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်ကို လာမယ့်လအတွင်း MMA(mixed martial arts)ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ထိုးသတ်ကြဖို့ စိန်ခေါ်လိုက်ပါတယ်။
အီဗရာ(၄၃ နှစ်)ဟာ ၂၀၁၉ ခုနှစ်ဇူလိုင်လက ဘောလုံးကစားခြင်းက အနားယူခဲ့ပြီး သူ့ကစားသမားဘ၀မှာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း(၇၃၄)ပွဲကစားခဲ့ကာ ကစားသမားဘ၀သက်တမ်း(၂၁)နှစ်အတွင်း ဆုဖလားပေါင်း(၂၀)ခု ရယူနိုင်ခဲ့ပါတယ်။
ဆွာရက်ဇ်ကတော့ လက်ရှိမှာ မက်ဆီရှိရာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားသမားတစ်ဦးအဖြစ် ကစားနေဆဲဖြစ်ပါတယ်။
ဘောလုံးကစားခြင်းက အနားယူပြီးနောက် အီဗရာဟာ သူဝါသနာပါရာ ကိုယ်ခံပညာနဲ့ တိုက်ခိုက်ရေးလောကကို ဝင်ခဲ့ပြီး အခုမေလ(၂၃)ရက်နေ့မှာ သူ့ရဲ့ပထမဆုံးပွဲကို ထိုးသတ်ဖို့ ပြင်ဆင်နေပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပမယ့် Professional Fighters League (PFL)ရဲ့ ပွဲမှာ အီဗရာက ပါဝင်ထိုးသတ်မှာဖြစ်ပြီး ပြိုင်ဘက်ကစားသမားကိုတော့ မသိရှိရသေးကြောင်း သိရပါတယ်။
အီဗရာက သူ့ရဲ့ဆိုရှယ်စာမျက်နှာမှာ သူ့အနေနဲ့ ဆွာရက်ဇ်နဲ့ ထိုးသတ်လိုကြောင်းကို အခုလို ရေးသားခဲ့ပါတယ်။
BREAKING: @PFLEurope မှာ ဝင်နွှဲမယ့် ကျွန်တော့်ရဲ့ပထမဆုံးပွဲအတွက် ကျွန်တော်လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့က ကျွန်တော့်အတွက် ပြိုင်ဘက်ကို ရွေးချယ်တဲ့အခါ ဘယ်သူနဲ့ထိုးချင်လဲလို့ မေးပါတယ်။ ကျွန်တော်က လူးဝစ်ဆွာရက်ဇ်နဲ့ ထိုးချင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ကျွန်တော် ငွေထုတ်ပေးသွားမှာပါ။ ပြိုင်ထိုးမယ်ဆိုရင် သူကျွန်တော့်ကို ကိုက်ချင်ကိုက်နိုင်ပါတယ်။
- ပက်ထရစ်အီဗရာ(@Evra) April 25, 2025
ဆွာရက်ဇ်ဟာ ၂၀၀၉ ခုနှစ်က အိုင်းယက်စ်အသင်းမှာ ကစားစဉ် ပြိုင်ဘက် PSV ကစားသမား ဘက်ကယ်လ်ကို ကိုက်ခဲ့ဖူးပြီး၊ ၂၀၁၃ ခုနှစ်က လီဗာပူးလ်မှာကစားစဉ် ပြိုင်ဘက်ချယ်လ်ဆီးကစားသမား အိုင်ဗန်နိုဗစ်လက်ကို ကိုက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဥရုဂွေးအသင်းအတွက် ကစားစဉ် အီတလီနောက်ခံလူ ချီလီနီရဲ့ ပုခုံးကို ကိုက်ခဲ့ဖူးတာကြောင့် အီဗရာက ဒီဖြစ်ရပ်တွေကို ရည်ညွှန်းပြီး လှောင်ပြောင်ရေးသားခဲ့တာပါ။
ဆွာရက်ဇ်နဲ့ အီဗရာ ရန်ကြွေးရန်စက ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး လီဗာပူးလ်-မန်ယူနိုက်တက်ပွဲမှာ ဆွာရက်ဇ်က အီဗရာကို လူမျိုးရေးခွဲခြားခဲ့တာကြောင့် အီဗရာနဲ့ မန်ယူနိုက်တက်အသင်းက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို တိုင်ကြားခဲ့တာပါ။ FA က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆွာရက်ဇ်ကို (၈)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
နောက်ပိုင်း လီဗာပူးလ်-မန်ယူနိုက်တက်တွေ့ဆုံတဲ့ပွဲမှာ နှစ်ဖက်ကစားသမားတွေ နှုတ်ဆက်ရာမှာ ဆွာရက်ဇ်က အီဗရာကို လက်ဆွဲနှုတ်ဆက်ဖို့ ရှောင်လွှဲခဲ့ပြီး သူတို့နှစ်ဦးအကြားက အမုန်းတရားနဲ့ အစိုင်အခဲက ပိုမိုကြီးထွားခဲ့တာဖြစ်ပါတယ်။
အီဗရာဟာ ၂၀၁၆ ခုနှစ်ကတည်းက သူ့သူငယ်ချင်းဖြစ်သူ PFL တိုက်ခိုက်ရေးသမား စီဒရစ်ဒွမ်ဘီရဲ့ အကူအညီနဲ့အတူ ကိုယ်ကာယအားပြုတိုက်ခိုက်ရေးအားကစားနည်းကို လေ့ကျင့်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ရပ်တွေအတွက် အခုအချိန်အထိ အစာမကြေနိုင်သေးတဲ့ အီဗရာရဲ့ လူမိုက်ဆန်ဆန် စိန်ခေါ်မှုကို ဆွာရက်ဇ်တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။