မိမိရဲ့နှုတ်ဆက်ပွဲမှာ ပါဝင်ကစားဖို့အတွက် စီရော်နယ်ဒိုနဲ့ မက်ဆီကို ဖိတ်ကြားသွားမယ်လို့ ကားလို့စ်တီဗက်ဇ် ကတိပြု

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်က သူ့ရဲ့နှုတ်ဆက်ပွဲမှာ ပါဝင်ကစားဖို့အတွက် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ဖိတ်ကြားသွားမယ်လို့ Olga နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကတိပြုသွားခဲ့ပါတယ်။
ကားလို့စ်တီဗက်ဇ်ဟာ နှစ်ပေါင်း(၂၀)ကြာဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝကို ဂုဏ်ပြုတဲ့အနေနဲ့ ဘိုကာဂျူနီယာအသင်းအိမ်ကွင်း La Bombonera မှာ နှုတ်ဆက်ပွဲပြုလုပ်ဖို့ အစီအစဉ်ရှိနေတာဖြစ်ပါတယ်။

ကားလို့စ်တီဗက်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ နာမည်ကျော်ကစားသမားအများအပြားနဲ့ တွဲကစားခဲ့ပြီး ဒီအထဲမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း ပါဝင်နေတာပါ။ တီဗက်ဇ်ဟာ မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအတူတွဲကစားခဲ့တာဖြစ်ပါတယ်။

တီဗက်ဇ်ဟာ စီရော်နယ်ဒိုနဲ့ မန်ယူနိုက်တက်အသင်းမှာ ၂၀၀၇ ကနေ ၂၀၀၉ ခုနှစ်အထိအတူတွဲကစားပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေရယူနိုင်ခဲ့ပါတယ်။ တီဗက်ဇ်က သူ့ရဲ့နှုတ်ဆက်ပွဲအတွက် လူစာရင်းမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ထည့်သွင်းခဲ့ပြီး သူကိုယ်တိုင်ဖိတ်ကြားခေါ်ယူသွားမယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် တီဗက်ဇ်ဟာ မန်ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရွန်နီ၊ ဗန်ဒါဆား၊ ဖာဒီနန်၊ ဗီဒစ်၊ ပေါလ်စခိုးလ်နဲ့ အီဗရာတို့ကို ခေါ်ယူသွားမယ်လို့လည်းပြောခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ပီယာလို၊ ဘူဖွန်၊ ချီလီနီနဲ့ ဘိုနူချီတို့ကိုလည်း သူခေါ်ယူမယ့်စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။
နည်းပြလောကထဲကို ဝင်ရောက်နေပြီဖြစ်တဲ့ တီဗက်ဇ်ဟာ အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်ဒီအသင်းကို နောက်ဆုံးကိုင်တွယ်ထားတာဖြစ်ပါတယ်။