မာရသွန်အပြေးပြိုင်ပွဲမှာ ၂ နာရီ မိနစ် ၄၀ နဲ့ ပန်းဝင်ခဲ့တဲ့ လူတူစက်ရုပ်

ဇန်နဝါရီတုန်းက ဧပြီလမှာ ကျင်းပသွားမယ့် စက်ရုပ်နဲ့ လူသား မာရသွန်အပြေးပြိုင်ပွဲဆိုတဲ့ သတင်းတစ်ခုကို ဖော်ပြခဲ့တာ မှတ်မိကြမလားတော့မသိဘူး။ အဲပြိုင်ပွဲက ပြီးခဲ့တဲ့ရက်ပိုင်းက တကယ်ကြီး လုပ်သွားတာပါ။ တကယ်လည်း ပြိုင်ပွဲမှာ ကုမ္ပဏီပေါင်းများစွာက စက်ရုပ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

မာရသွန်အပြေးပြိုင်ပွဲက ပေကျင်းမှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာပါ။ ဒီပြိုင်ပွဲမှာ တက္ကသိုလ်အချို့နဲ့ ကုမ္ပဏီအချို့က ဖန်တီးထားတဲ့ လူတူစက်ရုပ် ၂၁ ရုပ်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုပ်တွေက သူ့ချည်းပဲပြေးတာတော့ မဟုတ်ဘူး။ ဘေးမှာ ထိန်းပေမဲ့သူတွေ ပါတာကို တွေ့ရပါတယ်။ ပြိုင်ပွဲအကွာအဝေးကတော့ ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှိပါတယ်။ 

ပြိုင်ပွဲမှာဆိုရင် Tiangong အဖွဲ့မှ "Tiangong Ultra" ဆိုတဲ့ စက်ရုပ်က ၂ နာရီ ၄၀ မိနစ်ကြာချိန်မှာ အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာလည်း ပြိုင်ပွဲဝင်စက်ရုပ်တွေကို အမြန်နှုန်းအပေါ်သာမက အကြမ်းခံနိုင်စွမ်းအကောင်းဆုံး၊ခန္ဓာကိုယ်လှုပ်ရှားမှု ဒီဇိုင်းအကောင်းဆုံးနှင့် ပုံစံဆန်းသစ်မှုအကောင်းဆုံး စတဲ့ဆုများကိုလည်း ချီးမြှင့်ခဲ့ပါသေးတယ်။ 

တရုတ်အစိုးရကတော့ ဒီမာရသွန်အပြေးပြိုင်ပွဲဟာ ကမ္ဘာ့ပထမဆုံး လူသားနှင့် စက်ရုပ်အပြေးပြိုင်ပွဲဆိုပြီး ဓါတ်ပုံတွေတင်မက ဗီဒီယိုတွေနဲ့ပါ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲက လူတူစက်ရုပ်တွေ တိုးတက်ဖွံ့ဖြိုးမှုရဲ့ အစပါလို့လည်း တာဝန်ရှိသူအချို့က ဆိုပါတယ်။ တရုတ်စက်ရုပ်အသင်းကလည်း 2030 မရောက်ခင် တရုတ်နိုင်ငံရဲ့ စက်ရုပ်ဈေးကွက်က ယွမ် 870 ဘီလီယံ (ဒေါ်လာ 119 ဘီလီယံ) ခန့် ရောက်နိုင်ကြောင်း ဆိုထားပါတယ်။