မွေးနေ့ပါတီမှာ မူးယစ်ရမ်းကားခဲ့တဲ့လုပ်ရပ်အတွက် ရဲတပ်ဖွဲ့ရဲ့သတိပေးမှုကို ခံခဲ့ရတဲ့နစ်ကီဘတ်
မန်ယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ နစ်ကီဘတ်ဟာ သူ့ရဲ့အသက်(၅၀)နှစ်ပြည့်မွေးနေ့ပါတီမှာ မူးယစ်ရမ်းကားခဲ့တဲ့လုပ်ရပ်အတွက် အောက်စဖို့ဒ်ရှိုင်းယားရဲတပ်ဖွဲ့ရဲ့သတိပေးမှုကို ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့တာပါ။ အောက်စဖို့ဒ်ရှိုင်းယားက Soho Farmhouse ဆိုတဲ့ စားသောက်ဆိုင်တစ်ခုမှာ နစ်ကီဘတ်ဟာ သူ့ရဲ့အသက်(၅၀)နှစ်ပြည့်မွေးနေ့ပါတီပွဲကို ကျင်းပခဲ့ပြီး ဒေးဗစ်ဘက်ခမ်၊ ပေါလ်စခိုးလ်၊ ဂယ်ရီနဗီးလ်၊ ဖီးလစ်နဗီးလ်၊ အစရှိတဲ့ မန်ယူနိုက်တက်အသင်းဖော်ဟောင်းတွေလည်း ဒီပါတီပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီပါတီပွဲမှာ မွေးနေ့ရှင် နစ်ကီဘတ်ဟာ အရက်သေစာသောက်စားပြီး အတော်ကို မူးယစ်သွားပုံပေါက်ကာ မလုပ်သင့်တာတွေကို ပြုလုပ်ခဲ့တာပါ။
သူက စားသောက်ဆိုင်အပြင်ဘက်က နံရံမှာ အပေါ့သွားခဲ့ပြီး ဒါကို လာရောက်တားဆီးတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးကိုနှာခေါင်းရိုးကျိုးအောင် ခေါင်းနဲ့တိုက်ခဲ့ပါတယ်။ မူလက ဒီသတင်းထွက်ပေါ်လာခဲ့စဉ်က မွေးနေ့ရှင် နစ်ကီဘတ်ကိုယ်တိုင်ဒီလို ကျူးလွန်ခဲ့တယ်လို့ လူတွေကမထင်ခဲ့ဘဲ ပါတီပွဲလာ ဧည့်သည်တစ်ဦးဦးက ဒီလို ပြုလုပ်ခဲ့တာလို့ မီဒီယာတွေကလည်း ဖော်ပြခဲ့ပါတယ်။

အခုဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် မွေးနေ့ရှင် နစ်ကီဘတ်ကိုယ်တိုင် ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာဖြစ်နေပါတယ်။ နစ်ကီဘတ်ဟာ သူ့ရဲ့အမှားအယွင်းတွေအတွက် တောင်းပန်ခဲ့ပြီး နစ်နာသူတွေကို လျော်ကြေးပေးခဲ့သလို၊ ရန်ပုံငွေအဖွဲ့အစည်းတွေကိုလည်း အလှူငွေတွေ လှူဒါန်းသွားမယ်လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် ဒီဖြစ်ရပ်တွေအတွက် သူ့အပေါ်ရဲတပ်ဖွဲ့က အရေးမယူတော့ဘဲ သတိပေးမှုသာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။