လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေပါတယ်။

လာမင်းယာမားလ်က ဒီရာသီလာလီဂါမှ (၁၄)ဂိုး၊ ချန်ပီယံလိဂ်မှာ (၄)ဂိုး၊ စပိန်ဘုရင့်ဖလားမှာ (၆)ဂိုး စုစုပေါင်း(၂၄)ဂိုးအထိဖန်တီးထားပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုရဲ့ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ သူ့ထက်အသက်ကြီးတဲ့ကစားသမားတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နေတာပါ။

ယာမားလ်ရဲ့နောက်မှာ ဘာစီလိုနာအသင်းဖော် ရာဖင်ညာနဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာတို့က ဂိုးဖန်တီးမှု(၂၃)ဂိုးစီနဲ့ ရှိနေပါတယ်။

နောက်မှာတော့ လိုင်ယွန်မှာ ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမားချာကီက (၁၉)ဂိုး၊ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားအိုလီဆေနဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့က (၁၈)ဂိုးစီနဲ့ အသီးသီးရပ်တည်နေကြပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ပြိုင်ပွဲစုံမှာ (၂၉၅၇)မိနစ်ကစားပြီး ဂိုးပါဝင်ပတ်သက်မှု(၁၆)ဂိုး(၇ ဂိုးသွင်း+ ၉ ဂိုးဖန်တီး)ရှိခဲ့တဲ့ လာမင်းယာမားလ်အနေနဲ့ ဒီရာသီ ပြိုင်ပွဲစုံမှာ (၃၉၃၁)မိနစ်ကစားပြီး ဂိုးပါဝင်ပတ်သက်မှု(၂)ဆမက (၃၈ ဂိုး)(၁၄ ဂိုးသွင်း၊ ၂၄ ဂိုးဖန်တီး)အထိရှိလာတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာက နာမည်ကြီးကစားသမားမက်ဆီဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီက တစ်ရာသီအတွင်း(၂၇)ဂိုးဖန်တီးခဲ့တာပါ။

ဒါကြောင့် ယာမားလ်အနေနဲ့ မက်ဆီရဲ့ ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုအပ်တော့ပြီး ဒီရာသီ လက်ကျန်ပွဲတွေမှာ ဒီစံချိန်ကို ကျော်ဖြတ်ရိုက်ချိုးနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။