လက်ကျန်ပွဲ(၆)ပွဲစလုံး အနိုင်ရရင်တောင် အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီဖြစ်မယ့် မန်ယူနိုက်တက်
မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ကျန်ပွဲအားလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့ရင်တောင် ဒီရာသီက သူတို့အတွက် ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျှောက်အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်လက်ကျန်ပွဲ(၆)ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ၀ုလ်ဗ်စ်၊ ဘုန်းမောက်၊ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ ဗီလာ အစရှိတဲ့အသင်းတွေနဲ့ ကစားရမှာပါ။

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃၂)ပွဲကစားအပြီး (၁၀)ပွဲနိုင်(၈)ပွဲသရေ (၁၄)ပွဲရှုံးထားတာကြောင့် ရမှတ်(၃၈)မှတ်သာရရှိထားပြီး လက်ကျန်ပွဲ(၆)ပွဲစလုံးအနိုင်ရရင်တောင် ရမှတ်(၅၆)မှတ်သာရရှိမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ မန်ယူနိုက်တက်အသင်းအတွက် အဆိုးရွားဆုံးရာသီအဖြစ် ရမှတ်အနည်းဆုံးရခဲ့တဲ့ရာသီက ၂၀၂၁-၂၂ ရာသီဖြစ်ပြီး (၅၈)မှတ်ရခဲ့တာပါ။ အဲဒီရာသီတုန်းက နည်းပြဆိုးလ်ရှား၊ မိုက်ကယ်ကာရစ်(ယာယီ)၊ ရန်းနစ်ခ်(ယာယီ)တို့က အသင်းကို ကိုင်တွယ်ခဲ့ကြပြီး တစ်ရာသီလုံးနိုင်ပွဲ (၁၆)ပွဲသာရတဲ့အထိ ဆိုးရွားခဲ့တာပါ။

ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအနေနဲ့ လက်ကျန်ပွဲအားလုံးအနိုင်ရရင်တောင် ၂၀၂၁-၂၂ ရာသီနိုင်ပွဲအရေအတွက်ကို လိုက်မီတဲ့အနေအထားမှာပဲ ရှိမှာဖြစ်ပြီး ရမှတ်ကို လိုက်မီမှာမဟုတ်လို့ ဒီရာသီက မန်ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ အဆိုးရွားဆုံးရာသီအဖြစ် မှတ်တမ်းဝင်ဖို့ သေချာနေပြီဖြစ်ပါတယ်။