လိုင်ယွန်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲအတွက် ပွဲထွက်ဂိုးသမားကို အချိန်ယူပြီးမှ အာမိုရင်ရွေးချယ်မည်
မန်ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို (၁-၄)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က လာမယ့်လိုင်ယွန်အသင်းနဲ့ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)အတွက် ပွဲထွက်ဂိုးသမားရွေးချယ်မယ့် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ဒီရာသီမှာအမှားအယွင်းတွေအများအပြားပြုလုပ်နေတဲ့ ဂိုးသမားအိုနာနာကို နယူးကာဆယ်အသင်းနဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ဒုတိယဂိုးသမားဖြစ်တဲ့ တူရကီဂိုးသမား ဘယင်ဒါကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုသွားခဲ့တာပါ။
ဒါပေမယ့် ဘယင်ဒါကလည်း နယူးကာဆယ်အသင်းနဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့ပြီး သူ့ရဲ့အမှားအယွင်းကြောင့် နယူးကာဆယ်အသင်းရဲ့စတုတ္ထသွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လိုင်ယွန်အသင်းနဲ့အရေးကြီးတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ နည်းပြအာမိုရင်အနေနဲ့ ဘယ်ဂိုးသမားကို မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုလာမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြတာပါ။
အာမိုရင်က "ခင်ဗျားတို့စောင့်ဆိုင်းကြပါ။ ကျွန်တော်တို့လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြုလုပ်ပြီးရင် လာမယ့်ပွဲအတွက် အကောင်းဆုံးပွဲထွက်လူစာရင်း(၁၁)ဦးကို ကျွန်တော်ရွေးချယ်သွားမှာပါ"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဒီပွဲရဲ့ဒုတိယပိုင်းမှာ နယူးကာဆယ်အသင်းကို (၃)ဂိုးခွင့်ပြုခဲ့ရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပါတယ်။ ဒီရှုံးပွဲဟာ မန်ယူနိုက်တက်အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၄)ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ပြီး အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်အထက်က ဝက်စ်ဟမ်းအသင်းနဲ့ (၃)မှတ်သာကွာဟတော့တာဖြစ်ပါတယ်။