လီဝန်ဒေါစကီးမပါဝင်ဘဲ ဖြတ်သန်းရဖွယ်ရှိနေတဲ့ ဘာစီလိုနာရဲ့ ပွဲကျပ်ကာလခရောင်းလမ်း
လာလီဂါအမှတ်ပေးဇယားမှာ ထိပ်ဆုံးက ရမှတ်(၄)မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်ကြားရက်(ဧပြီ ၂၃ ရက်)မှာ မာယော့ကာအသင်းနဲ့ လာလီဂါပွဲကစားပြီးတာနဲ့ ကြမ်းတမ်းခက်ခဲတဲ့ ခရောင်းလမ်းကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုဧပြီ(၂၆)ရက်နေ့မှာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကစလို့ ပွဲကျပ်ကာလကို စတင် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီး(၄)ရက်အကြာ ဧပြီ(၃၀)ရက်နေ့မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အိမ်ကွင်း၊ မေ(၃)ရက်နေ့မှာ ဗယ်လာဒိုလစ်အသင်းနဲ့ လာလီဂါအဝေးကွင်း၊ မေ(၆)ရက်နေ့မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဝေးကွင်း၊ မေ(၁၁)ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လာလီဂါအိမ်ကွင်းပွဲတွေကို ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲတွေက ဒီရာသီမှာ ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံဖို့ ရည်မှန်းနေတဲ့ဘာစီလိုနာအသင်းရဲ့ဆုဖလားမျှော်လင့်ချက်တွေကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်စူပါဖလားတစ်လုံးကို ရရှိထားပြီး စပိန်ဘုရင့်ဖလား၊ ချန်ပီယံလိဂ်၊ လာလီဂါဖလားတွေကို ရယူနိုင်ခြင်းရှိမရှိ ဒီကာလအတွင်းပွဲတွေ ပြီးရင် အဖြေတစ်စိတ်တစ်ပိုင်းထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဒီတစ်ပတ်လာလီဂါပွဲစဉ် ဘာစီလိုနာ(၄-၃)ဆယ်လ်တာဗီဂိုပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ပိုလန်တိုက်စစ်မှူးလီဝန်ဒေါစကီးကတော့ ဘာစီလိုနာအသင်းရဲ့ ပွဲကျပ်ကာလက ပွဲတချို့ကို လွဲချော်ဖွယ်ရှိနေကြောင်း သတင်းတွေကဖော်ပြကြပါတယ်။
လီဝန်ဒေါစကီးအနေနဲ့ ရက်သတ္တပတ်(၂)ပတ်ခန့် အနားယူရဖွယ်ရှိနေတာကြောင့် ပွဲကြီးတွေအဖြစ်ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ၊ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့၊ ဒုတိယအကျော့ပွဲတွေကို လွဲချော်ဖွယ်ရှိနေကြောင်း မီဒီယာတွေက ဖော်ပြနေကြတာပါ။
ဒါကြောင့် လီဝန်ဒေါစကီးမပါဘဲ ပွဲကျပ်ကာလကို ဖြတ်ကျော်ရဖွယ်ရှိနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားနိုင်မယ့်ရလဒ်တွေကို ရယူနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။