ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့အတွက် အာတီတာ ဒေါသထွက်နေလိမ့်မယ်လို့ကာရေဂါ မှတ်ချက်ပြု
အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ (၂-၂)ဂိုးစီသရေကျပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ထပ်ရမှတ်တွေဆုံးရှုံးခဲ့တဲ့အတွက် အာဆင်နယ်အသင်းနည်းပြအာတီတာ ဒေါသထွက်နေလိမ့်မယ်လို့ Sky Sports မှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကာရေဂါက ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ (၃)ပွဲအထိသရေကျခဲ့ပြီး ရမှတ်တွေဆုံးရှုံးခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ တရားဝင်အတည်ပြုနိုင်ခြင်းမရှိသေးတာပါ။

ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ထိပ်ဆုံး(၅)သင်းယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့်(၆)နေရာရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းထက်(၁)ပွဲပိုကစားထားပြီး ရမှတ်(၁၀)မှတ်အသာရကာ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက စပိန်လူမျိုးနည်းပြအာတီတာဟာ အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်နေရာကို အတည်ပြုနိုင်ခြင်းမရှိသေးတဲ့အတွက် ဒေါသထွက်နေလိမ့်မယ်လို့ ဆိုခဲ့တာပါ။
PSG အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမယ့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်(၄)ပွဲအဖြစ် ဘုန်းမောက်၊ လီဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘုန်းမောက်၊ လီဗာပူးလ်၊ နယူးကာဆယ်အသင်းတို့နဲ့ ခက်ခဲတဲ့ပွဲစဉ်တွေယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ အရေးနိမ့်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားတွေဝင်ရောက်သွားနိုင်တာပါ။

အာဆင်နယ်အသင်းနည်းပြအာတီတာက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်နဲ့ရလဒ်ကို စိတ်ပျက်မိပြီး သူတို့ရဲ့စံနှုန်းထက်လျော့ကျခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ လာမယ့်စပါးအသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရတာနဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို အကြိမ်(၂၀)မြောက်ရယူနိုင်တော့မှာဖြစ်ပါတယ်။