ချန်ပီယံဖြစ်ဖို့ လာမယ့်တနင်္ဂနွေနေ့ အိမ်ကွင်းပွဲစဉ်အထိ စောင့်ဆိုင်းရမယ့် လီဗာပူးလ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ်(၂-၂)ခရစ္စတယ်ပဲလေ့စ်ပွဲမှာ အာဆင်နယ်အသင်းက သရေရမှတ်တစ်မှတ်ရယူခဲ့တာကြောင့် ဇယားထိပ်မှာ ရမှတ်ဖြတ်ဦးဆောင်နေတဲ့လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်မရသေးဘဲ ချန်ပီယံဖြစ်ဖို့ လာမယ့်တနင်္ဂနွေနေ့ အိမ်ကွင်းပွဲစဉ်အထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ကီဝီယာ(၃ မိနစ်)၊ ထရော့ဆာ့ဒ်(၄၂ မိနစ်)တို့ရဲ့ ဂိုးတွေနဲ့ (၂)ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အီဇီ(၂၇ မိနစ်)၊ မာတီတာ(၈၃ မိနစ်)တို့က ချေပဂိုးတွေပြန်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာ သရေရမှတ်တစ်မှတ်သာ ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ဦးဆောင်ဂိုးတွေသွင်းယူနိုင်ရာကနေ ချေပဂိုးတွေပြန်ပေးရတာကြောင့် သရေကျတာ(၉)ပွဲအထိရှိလာပြီး အနိုင်အနေအထားကနေ ရမှတ်ဆုံးရှုံးမှုက (၁၈)မှတ်အထိရှိလာပါတယ်။ ဒါက ၂၀၀၇-၀၈ ရာသီက စပါးအသင်းပြီးရင် အများဆုံးရမှတ်ဆုံးရှုံးမှုဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ရမှတ်(၁)မှတ်ရလိုက်တာကြောင့် လီဗာပူးလ်အသင်းကို ချန်ပီယံဖြစ်ခွင့်မရရှိစေသေးဘဲ နောက်ထပ်စောင့်ဆိုင်းရအောင် ပြုလုပ်နိုင်ခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ အိမ်ကွင်းပွဲစဉ်မှာ လီဗာပူးလ်အသင်းက စပါးအသင်းကို အနိမ့်ဆုံး သရေကစားနိုင်မှသာ ချန်ပီယံဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးလ်အသင်းက လက်ကျန်ပွဲ(၅)ပွဲကစားဖို့ ကျန်ချိန်မှာ ရမှတ်(၇၉)မှတ်ရရှိထားပြီး အာဆင်နယ်က လက်ကျန်ပွဲ(၄)ပွဲကစားဖို့ ကျန်ချိန်မှာ (၆၇)မှတ်ရထားတာကြောင့် ရမှတ်(၁၂)မှတ်ကွာဟနေပါတယ်။

၂၀၂၀ ခုနှစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို (၂၀)ကြိမ်မြောက် ရယူနိုင်မှာဖြစ်ပြီး အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းရဲ့ ချန်ပီယံဆုအရေအတွက်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။