ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တောင် နည်းပြမာရက်စ်ကာကို ချယ်လ်ဆီးအသင်းထုတ်ပယ်ဖွယ်မရှိ

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်ဝစ်ချ်အသင်းနဲ့ (၂-၂)ဂိုးစီသရေကျပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၆)နေရာအထိ ကျဆင်းသွားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းစီမံခန့်ခွဲမှုအဖွဲ့က လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တောင် နည်းပြမာရက်စ်ကာကို ထုတ်ပယ်ဖွယ်မရှိဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲလုံးနိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြမာရက်စ်ကာဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနောက်ပိုင်းပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေမှုကြောင့် နည်းပြမာရက်စ်ဟာဟာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရပြီး သူ့ရဲ့နည်းပြရာထူးကလည်း လှုပ်ခတ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ (၂)ရာသီကြာဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေပေမယ့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ပွဲကစားအပြီးမှာ အမှတ်ပေးဇယားအဆင့်(၅)နေရာက မန်စီးတီးအသင်းနဲ့(၁)မှတ်အကွာ အဆင့်(၆)နေရာမှာ ရပ်တည်နေတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းစီမံခန့်ခွဲမှုအဖွဲ့က နည်းပြမာရက်စ်ကာလက်ထက် အသင်းရဲ့အနေအထားကိုကျေနပ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တောင် သူ့ကို ထုတ်ပယ်ဖွယ်မရှိဘူးလို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်လည်း ဥရောပဝင်ခွင့်ရယူနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ လီဂီယာဝါဆောအသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ဖို့သေချာနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ကြားရက်မှာ လီဂီယာဝါဆောအသင်းနဲ့ ကွန်းဖရန့်လိဂ်(ဒုတိယအကျော့)ပွဲစဉ်ယှဉ်ပြိုင်ပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။