ချန်ပီယံလိဂ်ဝင်ခွင့်က ဒီရာသီမန်စီးတီးအသင်းရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်မယ်လို့ ဂွါဒီယိုလာဆို

မန်စီးတီးအသင်းက အဲဗာတန်အသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ဒီနိုင်ပွဲဟာ အသင်းအတွက်ကြီးမားတဲ့နိုင်ပွဲဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရဖို့က ဒီရာသီမန်စီးတီးအသင်းရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာကို တက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၅)သင်းဝင်ခွင့်ရမှာဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှင်သန်နေတာပါ။
ဂွါဒီယိုလာက "ကျွန်တော်တို့ဟာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့နဲ့ဝေးကွာနေပေမယ့် ဒီပွဲအပြီးမှာ အဆင့်(၄)နေရာရပ်တည်ပြီး အိပ်နိုင်မှာပါ။ အခုက ကျွန်တော်တို့ရဲ့လက်ထဲမှာရှိပါတယ်။ ကျွန်တော်တို့ဟာ လာမယ့်ပွဲတွေမှာ နိုင်ပွဲရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရယူကာ ကြီးမားတဲ့အောင်မြင်မှုကို ရယူနိုင်ဖို့မျှော်လင့်တယ်"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်ထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရယူဖို့ ကြိုးစားနေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက သူတို့ဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲကို ဗိုလ်လုပွဲလိုယှဉ်ပြိုင်ကစားဖို့လိုတယ်လို့ ကစားသမားတွေကို သတိပေးခဲ့ပါတယ်။