ချန်ပီယံလိဂ်ရဲ့ နောက်တစ်ဆင့်အတွက် ရှင်သန်ခွင့်ရာခိုင်နှုန်းများ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက် အသင်း(၈)သင်းကို ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် ဘယ်အသင်းတွေ ဘယ်လောက်အခွင့်အရေးရှိသလဲဆိုတာ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က တွက်ချက်ဖော်ပြခဲ့ပါတယ်။
Opta ရဲ့တွက်ချက်မှုအရ ပထမအကျော့မှာ ဒေါ့မွန်အသင်းကို (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားတဲ့ ဘာစီလိုနာအသင်းက ဆီမီးဖိုင်နယ်တက်ဖို့ ရာခိုင်နှုန်းအများဆုံးနဲ့ အသေချာဆုံးအသင်းအဖြစ် (၉၉%)ရှိနေပါတယ်။ ဒါကြောင့် ဒေါ့မွန်အသင်းရဲ့ နောက်တစ်ဆင့်ဖြစ်နိုင်ခြေက(၁%)နဲ့ မဖြစ်နိုင်သလောက်အခြေအနေမှာရှိနေပြီလို့ ဆိုရမှာပါ။
ဘာစီလိုနာအသင်းပြီးရင် နောက်တစ်ဆင့်ဖြစ်နိုင်ခြေအများဆုံးအသင်းက ဗီလာအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ယူထားတဲ့ PSG အသင်းဖြစ်ပြီး Opta က (၉၂%)သတ်မှတ်ထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ချန်ပီယံဟောင်းအသင်းတစ်သင်းဖြစ်တဲ့ ဗီလာအသင်းက နောက်တစ်ဆင့်တက်ဖို့ ဖြစ်နိုင်ခြေရာခိုင်နှုန်း(၈%)သာရှိပြီး ဖြစ်နိုင်ခြေ ဒုတိယအနည်းဆုံးအသင်းဖြစ်နေပါတယ်။
ဘာစီလိုနာနဲ့ PSG အသင်းပြီးရင် ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အလမ်းအများဆုံးအသင်းက လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ယူထားတဲ့ အာဆင်နယ်အသင်းဖြစ်ပြီး Opta က (၉၁%)သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက နောက်တစ်ဆင့်တက်ဖို့ ရှင်သန်ခွင့်ရာခိုင်နှုန်း(၉%)သာရှိပြီး ဖြစ်နိုင်ခြေ တတိယအနည်းဆုံးအသင်းဖြစ်နေပါတယ်။
ဂျာမန်ဘီလူးကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပထမအကျော့အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အင်တာမီလန်အသင်းက ဆီမီးဖိုင်နယ်တက်ဖို့ ဖြစ်နိုင်ခြေရာခိုင်နှုန်း(၇၂%)ရှိနေပါတယ်။ ဒါကြောင့် အီတလီမြေမှာ ဘိုင်ယန်မြူးနစ်အသင်းပြန်လာဖို့ ရာခိုင်နှုန်းက (၂၈%)သာရှိပြီး ဟာရီကိန်းဦးဆောင်တဲ့ဘိုင်ယန်ကစားသမားတွေ စွမ်းဆောင်နိုင်မလားဆိုတာ ကြည့်ရမှာပါ။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်းကို ဘွတ်ကီဒိုင်တွေက ထိပ်ဆုံးမှာ အလေးပေးထားကြပြီး နောက်မှာ PSG၊ အာဆင်နယ်၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဗီလာ၊ ဒေါ့မွန်အသင်းတို့ရှိနေလို့ Opta ရဲ့ ဆီမီးဖိုင်နယ်ဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့ ချန်ပီယံအလေးပေးချက် ထပ်တူကျနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။