ချန်ပီယံလိဂ်ပွဲမတိုင်မီ လီဝန်ဒေါစကီးကို စီရော်နယ်ဒိုနဲ့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်နှိုင်းယှဉ်

ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်က ဒီနေ့ကစားမယ့် ဒေါ့မွန်-ဘာစီလိုနာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မတိုင်မီ ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ (၄-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ သေချာသလောက်ရှိနေတာပါ။

လီဝန်ဒေါစကီးဟာ ဒီရာသီနည်းပြဟန်ဆီဖလစ်လက်ထက် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ (၂)ဂိုးသွင်းယူခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၄၀)သွင်းယူထားပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ တစ်ရာသီအတွင်းသွင်းဂိုး(၄၀)ပြည့်တဲ့ (၈)ကြိမ်မြောက်ဖြစ်ခဲ့တာပါ။ ဟန်ဆီဖလစ်က လီဝန်ဒေါစကီးကို အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ကာ ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဟန်ဆီဖလစ်က "ဒီအသက်အရွယ်နဲ့ ဒီအဆင့်မှာကစားတဲ့အချိန်မှာ သူ့ရဲ့ကြံ့ခိုင်မှုအတွက် သူ့ကိုယ်သူအလွန်ဂရုစိုက်ရပါတယ်။ စီရော်နယ်ဒိုလိုပဲ သူ့မှာ အံ့သြစရာကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပါတယ်။ လီဝန်ဒေါစကီးဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးနိုင်ဖို့ အချက်တွေအားလုံးကို ထိန်းချုပ်ထားပါတယ်"လို့ သတင်းထောက်တွေကို ဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ်နွေရာသီက ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၄၁)ပွဲပါဝင်ကစားထားပြီး (၉၉)ဂိုးသွင်းယူကာ လာလီဂါဖလား(၁)ကြိမ်၊စပိန်စူပါဖလား(၂)ကြိမ်ရယူထားပါတယ်။