ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်တက်ပေမယ့် ချယ်လ်ဆီးအသင်းကို ပရိသတ်တွေလှောင်ပြောင်

ချယ်လ်ဆီးအသင်းဟာ လီဂီယာဝါဆောအသင်းကို ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ (၁-၂)ဂိုးနဲ့ အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ရှုံးပွဲကြောင့် အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် ပရိသတ်တွေက အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လီဂီယာဝါဆောအသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု(၇၀)%အထိ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီစတမ်းဖိုဒ့်ဘရစ်ချ်မှာ တတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်ဝစ်ချ်အသင်းနဲ့ (၂-၂)ဂိုးစီသရေကျခဲ့သလို ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့လို့ အသင်းကို ပရိသတ်တွေက စိတ်ပျက်ပြီး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာကတော့ ပရိသတ်တွေရဲ့ဆိုးရွားတဲ့အခိုက်အတန့်တွေကို သူမတွေ့ခဲ့ရဘဲ ဒီညပတ်ဝန်းကျင်က ကောင်းမွန်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။ ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က ကွင်းအတွင်းက တုံ့ပြန်မှုတွေကို နားလည်ပေမယ့် သူတို့ရဲ့ရည်မှန်းချက်ကို အောင်မြင်ဖို့ အပြည့်အဝအာရုံစိုက်နေတယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၆)နေရာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။