ကွန်ညာကို မန်ယူနိုက်တက်အသင်းအတွက် နည်းပြအာမိုရင်ခေါ်ယူချင်နေတယ်လို့ ပရိသတ်တွေယုံကြည်

မန်ယူနိုက်တက်ပရိသတ်တွေက ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ အသင်းအတွက် ဝုလ်ဗ်စ်အသင်းကြယ်ပွင့် ကွန်ညာကိုခေါ်ယူချင်နေတယ်လို့ ယုံကြည်နေကြပါတယ်။ မန်ယူနိုက်တက်အသင်းက ဝုလ်ဗ်စ်အသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းအပြီး ဥမင်ထဲကိုဝင်ရောက်ချိန်မှာ နည်းပြအာမိုရင်ဟာ ကွန်ညာရဲ့ဦးခေါင်းကို သူ့ရဲ့လက်နဲ့ထိခဲ့တဲ့ ရုပ်သံထွက်ပေါ်လာခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ ပြင်ဆင်နေပြီး ဝုလ်ဗ်စ်အသင်းတိုက်စစ်ကစားသမား ကွန်ညာဟာ သူတို့ရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံကြောင့် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ အသင်းအတွက် ကွန်ညာကိုခေါ်ယူချင်နေတယ်လို့ ယုံကြည်ကြောင်း ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ကြတာပါ။

ပရီးမီးယားလိဂ်ကလပ်အများအပြားရဲ့ပစ်မှတ်ဖြစ်နေတဲ့ ကွန်ညာဟာ ဒီပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အိုးထရက်ဖိုဒ့်ကွင်းကို သူ့ရဲ့ခြေထောက်တွေနဲ့ ပွတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကွန်ညာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ ဝုလ်ဗ်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ထွက်ခွာနိုင်တဲ့ အရိပ်အမြွက်တွေကို ချပြထားတာပါ။
ကွန်ညာဟာ ဒီရာသီမှာဝုလ်ဗ်စ်အသင်းအတွက် ပရီးမီးယားလိဂ်(၂၈)ပွဲပါဝင်ကစားထားပြီး (၁၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပါတယ်။