ဂရင်းဝုဒ်နဲ့ကစားဖို့ မာဆေးလ်စီနီယာကစားသမား(၂)ဦးငြင်းဆန်ခဲ့တယ်ဆိုတဲ့သတင်းကို ဘီနာတီယာဒေါသတကြီးပယ်ချ
မာဆေးလ်အသင်းအားကစားဒါရိုက်တာ ဘီနာတီယာဟာ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်နဲ့ တွဲပြီးကစားဖို့ အသင်းစီနီယာကစားသမား(၂)ဦးငြင်းဆန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဒေါသတကြီးပယ်ချခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီမာဆေးလ်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပေမယ့် သူ့ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံနေရသူဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေမှာ စပါးကွင်းလယ်လူဟောင်း ဟူဘယက်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်းရာဘီယူတို့ဟာ ဂရင်းဝုဒ်နဲ့တွဲပြီးကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြထားတာပါ။ ဒီလိုသတင်းထွက်ပေါ်မှုကို မာဆေးလ်အသင်းအားကစားဒါရိုက်တာ ဘီနာတီယာက ငြင်းဆန်ပယ်ချခဲ့ပြီး ကလပ်အတွင်းမှာရှိနေသူတချို့က သဘောထားကွဲလွဲမှုတွေဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။ မာဆေးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ မိုနာကိုအသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဒီပွဲစဉ်က ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်ကို ပြင်သစ်သတင်း La Provence က Rating (၁/၁၀)သာ ပေးခဲ့တာပါ။ ဒါ့အပြင် ဘီနာတီယာက ဟူဘယက်ဟာ သူ့ရဲ့ရုံးခန်းထဲကိုလာရောက်ပြီး ဂရင်းဝုဒ်နဲ့ ဟင်းနရစ်ကို မာဆေးလ်အသင်းလူစာရင်းကနေ ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ပယ်ချခဲ့ပါတယ်။ မာဆေးလ်အသင်းနည်းပြဒီဇာဘီဟာ ဂရင်းဝုဒ်ရဲ့လုပ်အားနှုန်းကို နှစ်သက်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ ပွဲထွက်လူစာရင်းကချန်လှပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းထဲ ပြန်ပြီးအသုံးပြုခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် (၃၁)ပွဲပါဝင်ကစားထားပြီး (၁၇)ဂိုးသွင်းယူထားပါတယ်။