ပိုပြီးကြိုးစားအားထုတ်ဖို့ ကြီးမားတဲ့စာတန်းပြသပြီး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းပရိသတ်တွေတောင်းဆို

မာဆေးလ်အသင်းက မောင့်ပယ်လီယာအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစတင်မီမှာ မာဆေးလ်အသင်းပရိသတ်တွေဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ကို ပိုပြီးကြိုးစားအားထုတ်ဖို့ ကြီးမားတဲ့စာတန်းပြသပြီး တောင်းဆိုခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ သူ့ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံနေရကာ နည်းပြဒီဇာဘီကလည်း သူ့ရဲ့လုပ်အားနှုန်းအပေါ် မကျေနပ်ကြောင်း ပြောဆိုခြင်းခံထားရသူပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက မာဆေးလ်အသင်းကွင်းလယ်လူတွေဖြစ်တဲ့ ဟူဘယက်နဲ့ ရာဘီယူတို့ဟာ ဂရင်းဝုဒ်နဲ့ တွဲဖက်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဒီသတင်းတွေကို မာဆေးလ်အသင်းအားကစားဒါရိုက်တာ ဘီနာတီယာက ပယ်ချခဲ့တာဖြစ်ပါတယ်။ မာဆေးလ်အသင်းပရိသတ်တွေဟာ မောင့်ပယ်လီယာအသင်းနဲ့ပွဲမတိုင်မီမှာ ဂရင်းဝုဒ်နဲ့အတူ သူ့ရဲ့အသင်းဖော် ဟင်းနရစ်တို့ကိုပိုပြီးကြိုးစားအားထုတ်ဖို့ ကြီးမားတဲ့စာတန်းကို ပြသပြီးတောင်းဆိုခဲ့ကြတာပါ။

ဂရင်းဝုဒ်ကတော့ ဒီပွဲမှာ မာဆေးလ်အသင်းအတွက် (၂)ဂိုးသွင်းပြီး သူ့ကိုစိတ်ပျက်နေကြတဲ့ အသင်းပရိသတ်တွေကို အကောင်းဆုံးတုံ့ပြန်သွားခဲ့ပါတယ်။ ဂရင်းဝုဒ်နဲ့တွဲပြီးကစားဖို့ ငြင်းခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ ကွင်းလယ်လူရာဘီယူဟာ ဂရင်းဝုဒ်ဂိုးသွင်းအပြီးမှာ အတူတွဲအောင်ပွဲခံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။




ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲကစားထားပြီး (၁၉)ဂိုးသွင်းယူကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

မာဆေးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် မိုနာကိုအသင်းကို ကျော်ဖြတ်ပြီး ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယားအဆင့်(၂)နေရာကို ပြန်တက်နိုင်ခဲ့ပါတယ်။ လာမယ့်ရာသီချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေတဲ့ မာဆေးလ်အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။