FA ဖလားဆီမီးဖိုင်နယ်ကို လွဲချော်ခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ အူနိုင်းအမ်မရီ ဖွင့်ဟ
ခရစ္စတယ်ပဲလေ့စ်အသင်းက အက်စတွန်ဗီလာအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖိုဒ့်ဟာ ဒီရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ဟာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြနေပြီး ပါဝင်ကစားထားတဲ့(၁၇)ပွဲမှာ (၄)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားတာပါ။
အူနိုင်းအမ်မရီက "ရပ်ရှ်ဖိုဒ့်ဟာ ဒီတစ်ပတ်ထဲမှာ ဒဏ်ရာရရှိသွားခဲ့ပြီး ကျွန်တော်တို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို တစ်ပွဲချင်းစီ စမ်းသပ်ဖို့ကြိုးစားသွားမှာဖြစ်ပေမယ့် သူရဲ့ဒဏ်ရာအခြေအနေအရ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ သူ့ကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ဒါ့အပြင် အူနိုင်းအမ်မရီက ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလားဗိုလ်လုပွဲတက်ဖို့ထိုက်တန်တယ်လို့ ဝန်ခံခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဒီရှုံးပွဲကြောင့် လာမယ့်ရာသီဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၇)နေရာမှာ ရပ်တည်နေပြီး လက်ကျန်ပွဲတွေအဖြစ် ဖူလ်ဟမ်၊ ဘုန်းမောက်၊ စပါး၊ မန်ယူနိုက်တက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက FA ဖလားဗိုလ်လုပွဲတက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလားဗိုလ်လုပွဲကို ၂၀၁၅-၁၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်တက်နိုင်ခဲ့ပြီး ဒီအချိန်တုန်းက မန်ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။