FA ဖလားဗိုလ်လုပွဲကို (၃)ရာသီဆက်တက်ရောက်နိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့် မန်စီးတီး
မန်စီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်မှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ကစားခဲ့ပြီး FAဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် နော်တင်ဂမ်ဖောရက်စ်အသင်းကို ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပြီး ပွဲအစ(၂)မိနစ်မှာပဲ လူငယ်ကစားသမားရီကိုလူးဝစ်၊ ပွဲချိန်(၅၁)မိနစ်မှာ နောက်ခံလူဗာဒီယိုလ်တို့က အနိုင်ဂိုးတွေသွင်းယူခဲ့ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ FA ဖလားဗိုလ်လုပွဲကို (၃)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဗိုလ်လုပွဲ(၂)ကြိမ်မှာ မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းနဲ့ (၂)ရာသီဆက်တိုက် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီမှာ မန်စီးတီးအသင်းဟာ မန်ယူနိုက်တက်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲမှာတော့ မန်ယူနိုက်တက်အသင်းက ရှုံးကြွေးဆပ်ပြီး (၂-၁)ဂိုးနဲ့ ပြန်အနိုင်ယူသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဗီလာအသင်းကို (၃-၀)ဂိုးအနိုင်နဲ့ ဖြတ်ကျော်လာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဒီရာသီဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို (၁၃)ကြိမ်တက်ရောက်ခဲ့ရာမှာ (၇)ကြိမ်ဗိုလ်စွဲခဲ့ပြီး၊ ဒုတိယနေရာ(၆)ကြိမ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ဗိုလ်လုပွဲ(၂)ကြိမ်တက်ရောက်ရာမှာ (၂)ကြိမ်စလုံး ဒုတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီရာသီ FA ဖလားဗိုလ်လုပွဲကို လာမယ့် မေလ(၁၇)ရက်နေ့မှာ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး မန်စီးတီးအသင်းက (၈)ကြိမ်မြောက်ချန်ပီယံဆုကို ရယူနိုင်မလား ... ခရစ္စတယ်ပဲလေ့စ်အသင်းက ချန်ပီယံဆု ပထမဆုံးကိုင်မြှောက်နိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။